အိပ်နေရာမှ ရုတ်တရက် လန့်နိုးလာသည်။ ဘေးဘီဝဲယာ တစ်ချက်ကြည့်ပြီး နေ့ခင်းကြောင်တောင် အိပ်မက်ဆိုးတွေ မက်နေခဲ့မှန်း သူသိလိုက်၏။ ဦးခေါင်းပေါ်မှ ချွေးစက်တွေကို လက်ဖ၀ါးဖြင့် ဖိသုတ်ရင်း ကုတင်ပေါ်ကဆင်းလိုက်သည်။ အိပ်ခန်းအပြင်ဘက်ရှိ သောက်ရေအိုးစင်မှ ရေတစ်ခွက် ခပ်ကာ တစ်ဝကြီးမော့သောက်လိုက်သည်။ တစ်ခွက်နှင့် မ၀၊ နောက်တစ်ခွက် ထပ်သောက်သည်။ ပြီးနောက် နောက်ဖေးပေါက်မှ ထွက်၍ လောကတစ်ခွင်ကို ငေးမောနေလိုက်သည်။
ခြံစည်းရိုးက မယ်မယ်ရရ မရှိ၊ အိမ်နောက်ဖေး ခြံဝင်းအတွင်းရှိ မန်ကျည်းပင်၊ မလကာပင်၊ သရက်ပင်၊ ဒန့်တလွန်သီးပင် အစရှိသည့် အမျိုးအမယ် စုံလင်လှတဲ့ အပင်တွေကို ကြည့်ရင်း သူ အားရပါးရ တစ်ချက်ပြုံးလိုက်ပါသည်။ ဒီဝန်းကျင် ဒီလောကတစ်ခွင်ကို အပြီးအပိုင် စွန့်ခွာခဲ့ရပြီလို့ တွေးထင် ယုံကြည်နေခဲ့သည်မှာ နှစ်ကာလပေါင်း များစွာပင် ကြာနေခဲ့သယောင်။ နဂိုရှိရင်းစွဲအတိုင်း မြင်နေတွေ့နေရသည်မို့ ရင်တွင်း ခံစားချက်ဝယ် ပီတိတွေက အလျှံအပယ်ပင်။
အိပ်မက်ထဲက သူသည် လောကရဲ့ ဖိစီးမှုဒဏ်ကို ကြံ့ကြံ့ခံနေခဲ့ရသည်။ လောကဓံရဲ့ ပုတ်ခတ်မှု ဒဏ်တွေကို ကြိတ်မှိတ်ခံနေခဲ့သည်။ လှည်းစားမှု၊ ကောက်ကျစ်စဉ်းလဲမှုတွေအောက် မှုန်ဝါးစွာ ဘ၀ခရီးနှင်နေခဲ့ရ၏။ ကံကြမ္မာ၏ ဂရုဏာသက်မှုကို ရံဖန်ရံခါ ခံစားရလေ့ ရှိသော်ငြား ခါးသီးခက်ထန် လောကဓံကြား တစ်ခါတလေ ရဲဝံ့စွာ၊ တစ်ခါတရံတော့ ကြောက်ရွံ့စွာနဲ့ ခြေလှမ်းတွေ မလှမ်းချင်လှမ်းချင် လှမ်းနေခဲ့ရသည်။
မင်္ဂလာဆောင် အကြောင်းပြချက်နဲ့ အလုပ်တွေကို ဘေးဖယ်၊ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ရင်း ပြေးပြေးလွှားလွှားနဲ့ ဒီဇင်ဘာ တစ်လတာ ကုန်ဆုံးခဲ့ရတယ်။ ဖိတ်စာတွေ ပို့ရတဲ့ အချိန်ရောက်ပြန်တော့လည်း အဒေါ်တွေ၊ ဦးလေးတွေဆီက ကားတွေ တစ်လှည့်စီ ငှားပြီး ကြံ့ခိုင်မှု သိပ်မကောင်းလှတဲ့ လက်စွဲတော် မာစတာဂျစ်ကို ခဏ ဘေးထိုးခဲ့ရသေးတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ၊ စိုးရိမ်မှုတွေ၊ ငြင်းခုန်မှုတွေက ပိုများနေလို့ ထင်ပါရဲ့ သူများတွေက ပျော်နေလား မေးတိုင်း အဖြေမှန်က ထွက်မလာခဲ့ဘူး။ ဒီလိုနဲ့ ဒီလိုပါပဲဗျာလို့ ဖြေရင်း ဒီဇင်ဘာ ၂၅ကို ရောက်ခဲ့တယ်။ မိသားစု၊ ဆွေးမျိုး၊ မိတ်ဆွေအပေါင်း အားလုံးက ၀ိုင်းကူညီပေးကြလို့ အဆင်ပြေပြေနဲ့ ဧည့်ခံပွဲတစ်ခု ပြီးမြောက်ခဲ့တယ်။ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ၊ လွဲချော်မှုတွေ အမျိုးမျိုး ရှိခဲ့ပေမယ့်လည်း ၀မ်းမနည်းနိုင်ခဲ့ပါဘူး။ အားလုံးပြီးဆုံးခဲ့ပြီမို့ ပျော်နိုင်ခဲ့ပြီလေ။
ဒီရက်ပိုင်း အပြင်သွားရတဲ့ ကိစ္စတွေ များသလို လမ်းစည်းကမ်း မလိုက်နာဘဲ ထင်တိုင်းကြဲနေတဲ့ ကားသမားတွေ ပိုပိုပြီး တွေ့ရပါတယ်။ ဒီလိုနဲ့ မနေ့က လိုင်းကားတစ်စီးကို အမူအရာနဲ့ ဆဲလိုက်မိပါတယ်။ ဆဲမိပြီ ဆိုမှတော့ အပြစ်ရှိခဲ့ပြီမို့ ရှက်မိတဲ့ စိတ်လည်း ဖြစ်မိတယ်ဆိုတာ ၀န်ခံပါတယ်။ ဒါပေမဲ့ လမ်းမပေါ်မှာ ဟိုဝင်ဒီတိုး၊ လမ်းပြောင်းပြန်တက်၊ ကတုံးပေါ် ထိပ်ကွက်၊ အမျိုးမျိုး လူလည်ကျ၊ မိုက်ရိုင်း၊ စည်းမရှိ ကမ်းမရှိ လုပ်နေကြတဲ့ သူအပေါင်းတို့ရဲ့ လုပ်ရပ်တွေကိုလည်း စက်ဆုပ်မိတာ အမှန်ပါပဲ။
ဒါကြောင့်လည်း လမ်းပြောင်းပြန်တက်၊ တန်းစီနေတဲ့ ကားတွေကို ကျော်တက်ပြီး လက်တစ်ချောင်း ဘန်းပြ (အခုနောက်ပိုင်း လက်တစ်ချောင်းတောင် မပြတော့ပါ)၊ ပေါ်တင်ဝင်တိုး၊ အရူးကွက် ၀င်နင်းမယ့် ကားမျိုးဆို ဘယ်တော့မှ လမ်းမပေးပါဘူး။ ဒင်းတို့ လုပ်တိုင်း ဖြစ်နေတာက လုပ်ချင်တိုင်း လုပ်လို့ရအောင် လုပ်ခွင့်ပေးထားတဲ့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်တွေနဲ့၊ ကိုယ့်ကားနဲ့ ထိမိ၊ ပွတ်မိ ဖြစ်မှာစိုးရိမ်လို့ အလျှော့ပေးနေ ကြရတဲ့ ကားသမားတွေကြောင့်ပါ။
ကိုယ့်ကိုယ်ကိုယ် ဂျိမ်းစ်ဘွန်းလိုလို တွေးပြီး လမ်းပြောင်းပြန် ၀ူးကနဲ မောင်းတက်သွားရင်ပဲ သူများတွေက တော်လိုက်တာ၊ ကျွမ်းလိုက်တာလို့ တွေးနေမယ် ထင်နေကြသလား၊ ဘယ်သူသေသေ ငတေမာ ပြီးရော စိတ်နဲ့ပဲ ပြောင်းပြန်ကျော်တက်၊ လမ်းပိတ်သွားလည်း အားမနာ၊ ရှက်ရကောင်းမှန်းလည်း မသိ ဖြစ်ချင်တိုင်းဖြစ်၊ လုပ်ချင်တိုင်း လုပ်နေကြတဲ့ မော်တော်ယာဉ် သမားအပေါင်းတို့ စဉ်းစားကြဖို့ အချိန်တန်ပါပြီ။ ရှက်တတ်ကြဖို့ အချိန်တန်ပါပြီ။
မြူးကြွတဲ့ တေးသံ ပျံ့လွင့်လို့နေ ~ ကူးပြောင်းစ တန်ခူးလေမှာ ~
တစ်ယောက်တစ်လက်မို့ လှမ်းကာ ~ ဖြန်းပက်ကြစဉ် ~
ပိတောက်ဖူးလေးတွေ ~ ပန်ဆင်ထားသူရေ ~
ခေါင်းကလေးမော့လို့ ~
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ ~
သင်္ကြန်မိုး သီချင်းသံက သင်္ကြန် အကြိုနေ့ ကိုယ်နှင့် မသက်ဆိုင်သလို ငုတ်တုတ် ထိုင်နေရသည့် ကျော်ဇေမောင်၏ စိတ်ထဲ ပို၍ မရိုးမရွ ဖြစ်နေစေ၏။ သီချင်းသံ ကြားထဲ တိုးဝင်လာသည့် တယ်လီဖုန်းသံကိုလည်း စိတ်မ၀င်စားခဲ့။ ယခုနှစ် သင်္ကြန်သည် မည်သည့် အစီအစဉ်မှ ဆွဲမထား ခဲ့မိသလို၊ ဆွဲခဲ့မိပါကလည်း သုံးရန် ဖြုန်းရန် ပိုက်ဆံလည်း မရှိ။
"ကျော်ဇေမောင်... ဖုန်းလာနေတယ်"
"ဟုတ်ကဲ့ ဘကြီး"
လေးလံသည့် ခြေလှမ်းများနှင့် ဖုန်းခွက်ကို ကိုင်ကာ
"ဟယ်လို"
"ဟေ့ကောင် ဖိုးကျော် ငါတို့ မဏ္ဍပ် သွားထိုင်မလို့၊ မင်းလိုက်မလား"
"ဟုတ် လိုက်ချင်တယ်ဗျာ၊ ဒါပေမဲ့ လောလောဆယ် ကျွန်တော် ဘိုင်ပြတ်နေတယ်"
"အေးပါ ငါစိုက်ပေးထားမယ်"
"အင်္ကျီတွေ ဘောင်းဘီတွေလည်း မရှိဘူးဗျ"
"ငါ အားလုံး စီစဉ်ပေးမယ်ကွာ၊ မင်း လာသာလာခဲ့ပါ"
"ဟုတ် ကိုလင်း"
အစ်ကိုဝမ်းကွဲ ဖြစ်သူ လင်းချစ်ကိုကို ဖုန်းသံကြောင့် ငေးမိုင်တွေးငေး နေခဲ့သည့် ကျော်ဇေမောင် မျက်လုံးတွေ အရောင်တောက် လာသည်။ မသက်ဆိုင် သလိုသာ ထိုင်နေရတော့မည်ဟု ထင်မှန် နေခဲ့သည့် အတာသင်္ကြန်ပွဲကို ကိုယ်တိုင် ဆင်နွှဲခွင့် ရှိပါသေးလား ဆိုသည့် အသိကြောင့် အပျော်တွေ ထိန်းမရနိုင်တော့။
ကားမရပ်ရ ဆိုသည့် ဆိုင်းဘုတ်ရှေ့ ခါးထောက်ရပ်ကာ ခပ်တွေတွေ စဉ်းစားရင်း သူ ဒေါသထွက်နေ၏။ မိမိဖာသာ ကားရပ်ရပ် စုရပ်ရပ် လွတ်လပ်စွာ ရပ်ပိုင်ခွင့်ရှိ၏။ ထိုလွတ်လပ်ခွင့်အား မည်သည့် အကြောင်းကြောင့် ပိတ်ပင်ချင်ရမှန်း သူနားမလည်။ အတန်ကြာ စဉ်းစားတော့မှ သူ သဘောပေါက်သွား၏။ ကားမရပ်ရ ဆိုသည်မှ သူ့အား ဆိုလိုခြင်း မဟုတ်...
ရုံးတွင် ထိုကလေးမ ကဲ့သို့ လွဲပြီးရင်း လွဲနေသူများ ပေါများလှပါသည်။ အလွဲအချော် ပညာရှင်များ စုဝေးရာ နေရာဟုလည်း ဆိုရလောက် ပေသည်။ ထိုအထဲတွင် ဖုန်းပြောရင်း တန်းလန်း ဖုန်းထဲမှ အစ်မအရင်း ခေါက်ခေါက်ကို ချစ်လေးဟု ခေါ်မိ၍ အစ်မဖြစ်သူ၏ ပိုးဆိုးပက်စက် အဆဲခံ ရသည့် သူမျိုးလည်း ပါဝင် သကဲ့သို့ ငရုတ်ကောင်း ခပ်ထားသည့် ရေနွေးဖြင့် ရေချိုးမိသော သူမျိုးလည်း ရှိပါသည်။
ရုံး၏ ထရန်စပို့တာ မင်းသားကြီး အမည်ရ ဒရိုင်ဘာကြီးက တစ်နေ့တွင် ဆိတ်မွေး လိုပါသည်ဟု ဆိုလာ၏။ အခြား တစ်ယောက်က ဆိတ်မွေး၍ ဘာလုပ်ချင်ပါ သနည်း မေးမြန်းရာ အလောတကြီး ဖြေချရာမှ နားထောင်သူ အပေါင်း ၀ါးလုံးကွဲ ပွဲကျခဲ့ရသည်။ "ဆိတ်နို့စို့ ချင်၍" ဖြေလိုက်ခြင်းကြောင့် ဖြစ်သည်။
Thursday, 06 January 2011 17:19
အသက်တွေ ကြီးလာလေလေ ငယ်ဘ၀ကို ပြန်လွမ်းဆွတ် မိလေလေပါပဲ။ ငယ်စဉ်က အကြောင်းတွေကို စဉ်းစားမိတိုင်း ငယ်ဘ၀ ငယ်ဒေသတွေ အကြောင်း လွမ်းခဲ့ရစမြဲ။ ဒေသတစ်ခု မြို့တစ်မြို့ကို လွမ်းမိတိုင်းလည်း အတူဆော့ကစား ပျော်ပါးခဲ့ဖူးတဲ့ သူငယ်ချင်းတွေ အဖော်အပေါင်း တွေကို သတိရစမြဲ။ အပူအပင် ကင်းကင်း ပွင့်ပွင့်လင်းလင်း ခင်မင်ပေါင်းသင်း ခဲ့ကြတဲ့ ငယ်သူငယ်ချင်း ငယ်ပေါင်းတွေ ဆိုတာက တစ်ခါတလေတော့ ဒေသတွေ အမျိုးမျိုး ရွှေ့ပြောင်း နေထိုင်ခဲ့ရသူ တစ်ယောက်အတွက် ပြန်ရနိုင်စရာ မရှိတော့တဲ့ ပုံရိပ်တွေ သက်သက်မျှပါပဲ။
တချို့ကတော့ နာမည်တွေလည်း မေ့၊ လူတွေလည်းမေ့၊ လမ်းမှာတွေ့လည်း သတိရမည် မထင်။ တချို့တွေကတော့ နာမည်တွေ သတိရနေပေမယ့် လူတွေက ဘယ်ဆီရောက်လို့ ဘာတွေလုပ်နေမှန်း မသိ။ တချို့ကျပြန်တော့ ဘယ်မှာနေလို့ ဘာတွေ လုပ်နေတယ် ဆိုတာ သိနေရသလို တချို့ကတော့ တစ်ခါတလေ ဖုန်းဆက်ပြီး ခင်မင်မှုကို တည်တံ့အောင် လုပ်နေကြဆဲ...
Friday, 01 October 2010 12:20
ဟာ... ဟင်... ဟယ်... ဆိုသည့် အာမေဋိတ် သံများနှင့်အတူ လူတစ်ဦး ကတ္တရာ လမ်းမပေါ် လွင့်စင် သွားခဲ့သည်။ အမလေး ဆိုသည့် အော်သံနှင့် မဆိုင်းမတွ တွင်ပင် ဒုန်း... ဟူ၍ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာခဲ့သည့် အသံတစ်ခုကြောင့် အားလုံး အလန့်တကြား ဖြစ်ခဲ့ရ၏။ ထို့နောက်တွင်မှ ကားဘီးနှင့် ကတ္တရာလမ်းတို့ ပွတ်ဆွဲသံ ကျွီက စူးစူးရှရှ ထွက်ပေါ် လာခဲ့သည်။
မဲနက်နေသည့် ကတ္တရာ လမ်းမကြီးသည် ရုတ်တရက် ရပ်တန့်သွားသည့် မော်တော်ကား၏ တစ်လုံးသာ လင်းတော့သော ကားမီးရောင် အောက်တွင် ချင်းချင်း နီရဲလို့ နေလေတော့သည်။ ကားဖြင့် အတိုက်ခံရသူ သည်ကား မော်တော်ကားနှင့် ပြင်းထန်စွာ ထိခိုက်မိသည့် အရှိန်အပြင် ကတ္တရာ လမ်းမပေါ် ပြုတ်ကျခဲ့သည့် ဒဏ်ကြောင့် ပက်လက်လန်ကာ လဲကျ သွားလေ၏။
အနောက် ကိုက် ၂၀ခန့် အကွာတွင်ကား...
Page 1 of 19