Latest Comments

ငယ်စဉ်ဘ၀ - ၅

Share |
တစ်ခါတစ်ခါကျတော့ ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ပြန် စဉ်းစားမိလိုက်တိုင်း စိတ်ထဲ ကြည်နူးမိတာ အမှန်ပါပဲ။ တချို့ အဖြစ်အပျက် တွေက အချိန်တွေ ဘယ်လောက်ပဲ ကြာကြာ မမေ့နိုင်တော့ သလို၊ တချို့ကိစ္စတွေ ကျပြန်တော့လည်း ဘယ်လိုပဲ ပြန်စဉ်းစား စဉ်းစား အစတောင် ဖော်လို့ မရတော့တာမျိုး ဖြစ်နေပြန်ပါတယ်။ အတိတ်ဆိုတာက မေ့ပျောက်ဖို့ လွယ်သလို၊ အတိတ်ဆိုတာက စွဲကျန်နေရစ်ဖို့လည်း မခက်တဲ့ အရာပါပဲ။

အဲ့ဒီလို ငယ်ငယ်တုန်းက အကြောင်းတွေကို စဉ်းစားမိရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ရယ်ချင်စရာ ဟားချင်စရာ ကောင်းတဲ့ အဖြစ်အပျက် တစ်ခုကို သွားသွား တွေးနေမိပါတယ်။ ငယ်ငယ်က ဆိုပေမယ့် အရမ်းတော့ မငယ်တော့တဲ့ ၈တန်း ၉တန်း ၁၀တန်း အရွယ် ဒိုက်ဦးမှာ ရှိစဉ်ကပေါ့။

ငယ်ငယ်လေး ကတည်းက ဘုတ်ပြင်းမှာ စက်ဘီး စပြီးစီးတတ်ခဲ့တဲ့ ကျွန်တော်ဟာ ဒိုက်ဦးဆိုတဲ့ စက်ဘီးတွေ ပေါများလွန်းတဲ့ မြို့ကိုလည်း ရောက်ရော စက်ဘီးတစ်စီးနဲ့ ကျင်လည်ခွင့် ရခဲ့ပါတယ်။ ကျောင်း၊ ကျူရှင်တွေ သွားဖို့အတွက် စက်ဘီးကသာ အဓိက အားကိုးစရာ ဖြစ်နေတာက တစ်ကြောင်း၊ ကိုယ်တိုင်ကလည်း စက်ဘီးဆို အငမ်းမရ ၀ါသနာ ပါတတ်တာက တစ်ကြောင်း ဆိုတော့ ဒီလို မြို့လေး တစ်မြို့ကို ပြောင်းရွှေ့ နေထိုင်ခွင့် ရတာကပဲ တစ်မျိုး ကျေနပ်စရာ ကောင်းနေပြန်တာပေါ့။

၈တန်း တုန်းကပါ။ တစ်နေ့ ကျူရှင်ရှိရာကို စက်ဘီးနဲ့ အသွား မိုးကလည်း ရွာနေတဲ့ အချိန် လက်တစ်ဖက်က ထီးကို ကိုင်ပြီး ကျန်လက် တစ်ဖက်က စက်ဘီး လက်ကိုင်ကိုပေါ့။ အိမ်ကနေ ထွက်လာခဲ့တာ တစ်လမ်းလုံး အကောင်း၊ မြို့ဈေး အရှေ့ တည့်တည့်ကိုလည်း ရောက်ရော ဘာကြောင့်ရယ် မသိပါဘူး လက်ကိုင်ကို ကိုင်ထားတဲ့ လက်ကိုသုံးပြီး တစ်ခုခုကို လုပ်လိုက်တာပါ။ ဘာလုပ်လိုက်လဲ သေချာ မမှတ်မိပေမယ့် မှတ်နေတာက လက်ကိုင်ကို ပြန်မရောက်ခင် ကံဆိုးပါလေရော။ လက်ကိုင်က တစ်ပတ်လည်ထွက် သွားပြီး ထီးတစ်ဖက်နဲ့ စီးလာရတဲ့ ကျွန်တော် ဇက်လည်ပြီး မှောက်ကျသွားတဲ့ စက်ဘီးပေါ်ကနေ ဘယ်လို စတိုင်မျိုးနဲ့ ထိုးကျသွားမလဲ စဉ်းစား ကြည့်ပေါ့။ ဒီ့ထက် မှောက်ချင်စရာ ကောင်းအောင် စီးခဲ့ချိန်တွေမှာ ဘာမှ မဖြစ်ခဲ့ဘဲ ဘာမဟုတ်တဲ့ အခြေအနေမှာ မှောက်ကျသွားတော့ မခက်ပေဘူးလား။

ဈေးက လူစည်ကားနေချိန်၊ မြို့လယ်ကောင် တည့်တည့်လည်း ဖြစ်နေပြန်တော့ ရှက်ရှက်နဲ့ပဲ ကုန်းရုန်းထပြီး ကျူရှင်ကို ဆက်ထွက် လာခဲ့တာပေါ့။ ဒါပေမယ့် အဲ့ဒီနေ့က ကျူရှင်ကို မရောက်ခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ ထိပ်နည်းနည်း ပေါက်ပြဲသွားတဲ့ ကျွန်တော် တစ်ယောက် ကျူရှင်သွားရာ လမ်းက သူငယ်ချင်း အိမ်မှာပဲ ခြေလက်ဆေးပြီး အိမ်ပြန် ဖြစ်ခဲ့လို့ပါ။

အဲ့ဒီတုန်းက တရုတ် စက်ဘီးလေးတွေနဲ့ နေသားကျနေတဲ့ ကျွန်တော်တို့ရဲ့ စက်ဘီးတွေဟာ အပြစ် အနာအဆာ တစ်ခုမဟုတ် တစ်ခုက ရှိနေ တတ်တယ်လေ။ တစ်နေ့မှာပေါ့... ဘရိတ်မမိတဲ့ စက်ဘီးကို အရှိန်နဲ့ နင်းကန်စီးပြီး မြို့ထဲအသွား ရှေ့က ကိုယ့်ထက်ကြီးတဲ့ ယောက်ျားတွေ စီးလာတဲ့ စက်ဘီးနှစ်စီး ကြားထဲ ဘရိတ်ဖမ်းမရဘဲ တည့်တည့်ဝင်သွား ပါလေရော။ စက်ဘီး ၃စီး ယောက်ယက်ခတ်သွားချိန်မှာ ရှေ့စက်ဘီးမှာ ပါလာတဲ့ သူတစ်ယောက်က ကျွန်တော့်ကို ဆွဲထိုးမယ် လုပ်ပါလေရော။ အဟဲ... ကျွန်တော့်ခမြာ မနေသာတော့ အစ်ကိုရယ် ကျွန်တော့်စက်ဘီး ဘရိတ်မမိ ဖြစ်သွားတာပါ။ တောင်းပန်ပါတယ်။ ဘာညာ လုပ်ရတော့တာပေါ့။ ဒါတောင် ထိုးမယ် တကဲကဲနဲ့ မင်းဘရိတ်မမိရင် ဖြေးဖြေး နင်းပါလားတဲ့။ ဟုတ်ပါ့... ဖြေးဖြေးနင်းရင် ဘာဖြစ်မှာမို့လို့လဲနော်...

ကံကောင်းတာက အဲ့ဒီအဖွဲ့ထဲ ပါလာတဲ့ တစ်ယောက်က မလုပ်ပါနဲ့ကွာ။ သူလည်း တကယ် ဘရိတ်မမိလို့ ဖြစ်သွားတာပါ။ ငါလည်း သူ့ကို သိပါတယ်လို့ ၀င်ပြောပေးတော့မှပဲ သက်သာရာ ရခဲ့တာပေါ့... ဒီလို.. ဒီလို.. ငယ်ငယ်တုန်းက ပြောပါတယ်။

ဒါတွေက စက်ဘီးနဲ့ ပတ်သက်တာတွေပေါ့။ အခု ဆက်မှာက ခေါင်းမကွဲဖူးတဲ့သူ မရှိတဲ့ ကျွန်တော်တို့ ညီအစ်ကို လေးယောက်ထဲကမှ အကွဲဆန်းခဲ့ရတဲ့ ကျွန်တော့် အဖြစ်အပျက်လေးပါ...

၁၀တန်းပြီးတော့ ကွန်ပျူတာ သင်းတန်း ဆင်းပြီးပြီးချင်း အဒေါ်တစ်ယောက် သွင်းပေးတာနဲ့ ကွန်ပျူတာ ကုမ္ပဏီတစ်ခုမှ အလုပ်သင် ၀င်လုပ် ဖြစ်ခဲ့ဖူးပါတယ်။ စ၀င်ဝင်ချင်းကတော့ ဘယ်သူနဲ့မှ မသိတော့ ကုတ်လို့ပေါ့။ နောက်ကျတော့ ဖြေးဖြေးချင်း ရင်းနှီးလာတော့ စပြီး အလုပ်ဝင်ခါစကလို ဘယ်ဟုတ်တော့မလဲ။ ပြောရဲ ဆိုရဲ၊ နေရဲ ထိုင်ရဲပေါ့။ အဲ့ဒီက အစ်ကိုတွေနဲ့ အရမ်း ရင်းနှီးလာတော့ တစ်ယောက်နဲ့ တစ်ယောက် နောက်ကြ ပြောင်ကြပေါ့။

ဒီလိုနဲ့ တစ်နေ့ အလုပ်ရဲ့ အရှေ့ခြမ်းမှာ ဧည့်သည် လာရင် ထိုင်ဖို့လုပ်ထားတဲ့ နေရာမှာ စီနီယာ အစ်ကိုတစ်ယောက် စာအုပ်ဖတ်နေတာကို ထိုင်ကြည့်ရင်း ဘာစိတ်ဝင်လာလဲ မသိပါဘူး။ နောက်ချင်လာတာမှ ထိန်းမရအောင်ပဲ။ တကယ်လည်း အဲ့ဒီအစ်ကိုကို ကျွန်တော့်ရဲ့ အိုင်ဒီယာ အသစ်လေးနဲ့ နောက်ဖြစ်ခဲ့ပါတယ်။ သူ့အရှေ့ ကို အပေါ်ကနေ အလန့်တကြား ကျသွားအောင် ရည်ရွယ်ပြီး ကျွန်တော် ကော်ထိုင်ခုံ တစ်ခုပေါ် ပြေးပြီး တအားခုံ လိုက်တာပေါ့။ ကျွန်တော့် ရည်ရွယ်ချက်က ပြည့်ပြည့်၀၀ကို အထမြောက် သွားတယ်လေ။ အဲ့ဒီ စီနီယာ အစ်ကို တစ်ယောက်တည်း ဘယ်ဟုတ်ပါ့မလဲ။ တစ်ရုံးလုံးကိုပေါ့။ အလန့်တကြားပါပဲ။

သူ့အရှေ့ မကျဘဲ လမ်းတစ်ဝက်မှာ နောက်ပြန်လန်ကျလာတဲ့ ကျွန်တော် ကြမ်းပြင်ပေါ်မှာ ပက်လက်လေး လဲနေရင်း ကိုယ်ခေါင်းကိုယ် ပြန်စမ်းတော့ ပူကနဲပဲလေ။ ဒါနဲ့ လက်ကို ကြည့်လိုက်တော့ အာပါးပါး.. ချင်းချင်းနီရဲနေတဲ့ သွေးတွေမှ မနည်း... တိုက်ခန်းရဲ့ အပေါ် မျက်နှာကျက်က ကျောက်စရစ် ဘင့် (ထုတ်တန်း)ကို အားရပါးရ အားနဲ့ကို ပြေးပြီး ဆောင့်လိုက်တာလေ...

အဲ့ဒီနေ့က ဆိုက်ကားလေးနဲ့ ဆေးခန်းသွားတော့ ဆေးခန်းက ဆရာဝန်မကြီးက ရန်ဖြစ်လာတယ် ထင်ပြီး လက်မခံဘူး။ ဆေးရုံသွားပါတဲ့။ မဟုတ်ပါဘူး ပြောလည်းမရ။ ကျွန်တော်တို့ ဒီလမ်းထဲက ကွန်ပျူတာ ကုမ္ပဏီက ပါလို့ အသည်းအသန် ရှင်းပြ တောင်းပန်တော့မှ ချုပ်ပေးမယ် ဆိုပြီး လက်ခံတော့တယ်။ ဒါပေမယ့် (နောက်မှ သိလိုက်ရတဲ့ )ကျွန်တော့် မိဘတွေရဲ့ သူငယ်ချင်းဖြစ်တဲ့ အဲ့ဒီ ဆရာဝန်မကြီး ကျွန်တော် ခေါင်းကို ချုပ်မပေးခင်မှာပဲ ရီဝေရီဝေဖြစ်လာပြီး ကျွန်တော် မူးလဲ သွားခဲ့ပါတော့တယ်...

မိုးဝေ
၂း၄၅ သြဂုတ် ၃ ၂၀၀၉

Comments (6)

Subscribe to this comment's feed
...
0
ကိုမိုးဝေ.. အဲဒါကြောင့် တစ်ခါတစ်လေ သီချင်းတွေဆိုပြီး ထထ ကနေတာလို.. ငစည်သူကပြောတာ.. ဟီးဟီး
သက်ခိုင် , August 05, 2009
...
0
ငါထင်တာ၊ မင်းမျက်လုံးထဲ ထုတ်တန်းနဲ့ ဘောလုံးမှားနေပီ။ ဒါမှမဟုတ် မင်းအမြှီး ထွက်လာလို့ လားမသိဘူး
Robin , August 05, 2009
...
0
အားပါး.. ဆော့လိုက်တာ.. မထင်ရဘူးပဲနော်။
ရွှေမိုးသည်း , August 04, 2009
...
0
ဟဟဟ...
အော်... ကျွတ်..ကျွတ်..ကျွတ်...
ဖြစ်မှဖြစ်ရလေအကိုရယ်...
lawlawsal , August 03, 2009 | url
...
0
ဖြစ်မှဖြစ်ရလေ ကိုမိုးဝေ :)
စွာလေး , August 03, 2009 | url
...
0
ဟားဟား
အဲဒိတုန်းက ချုပ်လိုက်ရတာ ၄ ချက်လားပဲ မလား။
zeyar , August 03, 2009

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday23
mod_vvisit_counterYesterday50
mod_vvisit_counterThis week23
mod_vvisit_counterThis month242
mod_vvisit_counterAll19655

Who's Online

We have 2 guests online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...