Latest Comments

လှောင်အိမ်လေးထဲက မှတ်တမ်း

Share |
နံနက်ခင်း မိုးလင်းတိုင်း လိုလိုပါပဲ။ သူ ကျွန်တော့်ဆီကို အရင်ဆုံး ရောက်ရောက် လာတတ်ပါတယ်။ ပြီးရင် ဂွတ်မောနင်းပါလို့ သူပြောလေ့ ရှိပါတယ်။ ဒါဟာ သူ နံနက်တိုင်း ပုံမှန် ပြုလုပ်ခဲ့လေ့ ရှိတဲ့ အကျင့်တစ်ခုပါပဲ။ ကျင့်သား ရနေပြီ ဖြစ်တဲ့ ကျွန်တော်ကလည်း သူ့ကို ဂွတ်မောနင်းပါ လို့ ပြန်ပြောတတ်ပါတယ်။ ဒီနေ့လည်း အရင်နေ့တွေကလိုပါပဲ။ ဒါပေမယ့် သူက ဆက်ပြောခဲ့တယ်။ "ငါ အရမ်းစိတ်ညစ် နေတယ်ကွာ" တဲ့...

မနေ့က သူ ရုံးက ပြန်ရောက်လာတော့ ကျွန်တော့်ကို ပြောတယ်။ သူ့လက်ထဲ ပါလာတဲ့ ပစ္စည်းတွေကိုတောင် မချဘဲနဲ့ပေါ့။ "မင်း ပျင်းနေပြီလား" တဲ့။ ကျွန်တော်က သံယောင်လိုက်တော့ သူတစ်ချက် ပြုံးပြပါတယ်။ ဆက်ပြီးတော့ "မင်းကို အခုလို လှောင်အိမ်ထဲ ထည့်ထားလို့ ငါ ၀ဋ်လိုက်တာ များလားကွာ" တဲ့။ ဒီတစ်ခါ ကျွန်တော် သံယောင်လိုက်တော့ သူ ပြုံးတာ မတွေ့ရတော့ပါဘူး။ တစ်ချက် တွေသွားပြီး ကျွန်တော်ရှေ့က ထွက်သွားတယ်။ သူ မျက်ရည်တွေ ကျနေတာကို ကျွန်တော် တွေ့လိုက်ပါတယ်။ ကျွန်တော်လည်း တစ်ခုခုကို ခံစား လိုက်ရတာတော့ အမှန်ပါပဲ။

ညရောက်တော့ တစ်ယောက်တည်း မသောက်စဖူး အရက်တွေ သောက်နေတာ တွေ့ရတယ်။ တစ်ခွက်ပြီး တစ်ခွက် မျက်လုံးစုံမှိတ်ပြီး ကြိတ်မှိတ် သောက်နေတဲ့ ပုံပါပဲ။ စီးကရက်ကိုလည်း တစ်လိပ်ပြီး တစ်လိပ် ခပ်ပြင်းပြင်း ရှိုက်ဖွာနေတာ တွေ့ရတယ်။ တစ်ချက်တစ်ချက် သူ့နှုတ်ဖျားက ထွက်လာတဲ့ အသံတချို့ကို ကျွန်တော် ကြားရပါတယ်။ "ငါမှားခဲ့တာ။ ငါ မဆုံးဖြတ်တတ်ခဲ့တာပါ" တဲ့။ တစ်ခုခုကို နောင်တ ရနေသလို၊ တစ်ခုခုကို မွန်းကျပ်စွာ ခံစားနေရသလို သူ့ပုံစံကို ကြည့်ပြီး ကျွန်တော် သံယောင်လိုက်ဖို့တောင် သတိမရအားခဲ့ပါဘူး။

x x x

သူနဲ့ ကျွန်တော်နဲ့ စပြီး ဆုံတွေ့ဖြစ်ခဲ့တာ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နှစ်ဦးကြားမှာတော့ ခိုင်မာတဲ့ သံယောဇဉ်တွေ တည်ဆောက်ပြီးသား ဖြစ်နေပြီလေ။ စတွေ့တွေ့ချင်း သူက ကျွန်တော့်ကို နှစ်လိုအားရ ပြုံးပြပြီး နှုတ်ဆက်ခဲ့တယ်လေ။ ကျွန်တော် ဘယ်တော့မှ မေ့ပျောက်လို့ ရမှာမဟုတ်ပါဘူး။ သူက နှစ်လိုဖွယ် အပြည့်နဲ့ "ဟယ်လို ကြက်တူရွေးလေးရေ"လို့ စကားပြောတော့ ကျွန်တော် ကလည်း သူ့ကိုကြည့်ပြီး "ဟယ်လို ကြက်တူရွေးလေးရေ" လို့ ပြန်ပြောလိုက်တာပေါ့။ သူ တော်တော်လေး သဘောကျသွားတဲ့ ပုံပါပဲ။ နှစ်နှစ်ခြိုက်ခြိုက် တစ်ချက်ရယ်လိုက်ပြီး သူနဲ့အတူ ကျွန်တော့်ကို ခေါ်ဆောင်သွားတယ်လေ။ ဒါပေမယ့် အဲ့ဒီနေ့ နောက်ပိုင်းမှာ သူ့ရဲ့ အဲ့ဒီအပြုံးတွေကို တွေ့မြင်ရတာ မရှိသလောက်ကိုပဲ ရှားသွားပါတော့တယ်။

သူ နံနက်ခင်းတိုင်း ရုံးမသွားခင် ကျွန်တော့်ကို သေချာကျွေးမွေးလေ့ ရှိပါတယ်။ အရမ်းလည်း ဂရုစိုက်ပါတယ်။ စကားတွေလည်း အများကြီး ပြောပါတယ်။ ဒါတွေဟာ သူ နံနက်ခင်းတိုင်း မပျက်မကွက် ပြောလေ့ရှိတဲ့ အလုပ်တွေပါပဲ။ တစ်ခါတစ်ခါ သူက "မင်းက ငါ့ရဲ့ တစ်ဦးတည်းသော အဖော်ပါကွာ" လို့ ပြောတတ်တယ်လေ။ အခုလည်း သူအလုပ်ကို သွားပြီလေ။ သူဟာ နံနက်စောစောတိုင်း အဲ့ဒီလိုပဲ ထွက်သွားတာပါပဲ။ ပြီးရင် ညဥ့်မိုးချုပ်မှပဲ ပြန်ပြန်လာတတ်တဲ့သူပါ။ ဒါပေမယ့်လို့ ဒီရက်ပိုင်းမှာတော့ သူ ပုံမှန်ထက် အိမ်ကို အပြန်စောနေတာကို သတိထား မိပါတယ်။ သူ့ကြည့်ရတာ သုန်သုန်မုန်မုန်နဲ့မို့ သူတစ်ခုခု ဖြစ်နေတယ် ဆိုတာကိုတော့ ကျွန်တော် ဖတ်တတ် ခဲ့ပါတယ်။

မနေ့ညကလည်း အရက်တွေ မူးလာတော့ ကျွန်တော့်ဆီလာပြီး စကားတွေ ပြောတယ်လေ။ သူ့ကို ကြည့်ရတာ ဘယ်လိုမှကို အဆင်မပြေပါဘူး။ စိတ်ထဲမှာ တစ်ခုခုကို မွန်းမွန်းကျပ်ကျပ် ခံစားနေရသလို၊ တစ်ခုခုအတွက် ကြေကွဲနေရ သလိုလိုပါပဲ။ နောက်ပြီး သူ့ကို ကြည့်ရတာ တစ်ခုခုကို ဆုံးဖြတ်ချက် ချတော့မယ့် ပုံမျိုး ပေါက်နေတယ်လေ။ ကျွန်တော့်ကို ပြောပါတယ်။ "ငါ မရှိတော့ရင် မင်း ဘာလုပ်မှာလဲ"တဲ့...။ သူက မူးနေတော့ ကျွန်တော် မျက်ရည်ကျသွားတာ သူသတိ မထားလိုက်မိပါဘူး။ နောက်ပြီးတော့ ကျွန်တော် သူ့ကို သံယောင်လိုက်ပြီး စကားလည်း မပြောဖြစ်ခဲ့ပါဘူး။

x x x

သူအိမ်ထဲ ၀င်လာတဲ့ အချိန်မှာ ဒါ နေ့လည်ပိုင်းပဲ ရှိပါသေးလားလို့ ကျွန်တော် တွေးလိုက်မိပါတယ်။ ဒါ သူပုံမှန် ပြန်နေကျ အချိန်တွေထက် အများကြီး စောနေတယ်လေ။ လက်ထဲမှာပါလာတဲ့ ကြိုးအထုံးတစ်ခုကို ဘေးမှာ ချပြီး သူ ရေကို အားရပါးရ သောက်နေတာ တွေ့ရပါတယ်။ နောက်ပြီးတော့ ကျွန်တော့်ဆီကို လာပါတယ်။ အကြာကြီး စိုက်ကြည့်တယ်။ ဘာစကား တစ်ခွန်း တစ်ပါဒမှ ဖွင့်ဟ မပြောပါဘူး။ ပြီးတော့ ကျွန်တော့်ကို အဆာတွေ ကျွေးတယ်။ ရေတိုက်တယ်။ နောက် လှောင်အိမ်ရဲ့ တံခါးလေးကို ဖွင့်ပြီး အကြာကြီး ပွတ်သပ် နေပြန်တယ်။ ပြီးတော့မှ တစ်ခွန်းပြောတယ်။ "မင်း သွားလိုရာ သွားပါတော့"တဲ့...။

ကျွန်တော် ပျံမထွက်ခဲ့ပါဘူး။ ကျွန်တော် သူ့ဘေးမှာ ပေပြီးတော့ ရပ်နေမိပါတယ်။ ဒီတော့ သူက ဆက်ပြီး "မင်းလွတ်မြောက်တဲ့ အရသာကို ခံစားကြည့်ပါ"လို့ ပြောပါတယ်။  သူ စကားတစ်ခွန်းကို လေးလေးနက်နက်ပဲ ဆက်ပြော လိုက်သေးတယ်။ "ငါလည်း လွတ်မြောက် တော့မှာပါ" တဲ့...

မိုးဝေ
၂၂း၃၀ သြဂုတ် ၅ ၂၀၀၉

Comments (6)

Subscribe to this comment's feed
...
0
တိန် ..
ကြိုးဆွဲချ သေလိုက်တာလား ...
paradise , October 29, 2009 | url
...
0
အဲလိုတော့ မကြံကောင်ပါဘူးဗျာ အစောကြီးရှိပါသေးတယ် ခေါ်င်အေးအေးထားပြီ ဖြေရှင်းပါဦး ရင်ဆိုင် လိုက်ပါဦးလားလို့။
aye chan aung(aipine htoutkyent) , August 11, 2009
...
0
အရေးအသားတွေ အရမ်းကောင်းနေပါလား
KyawBZ , August 08, 2009
...
0
ဟေ.. ဘုရားရေ.. ရေးမိသူ အပြစ် ဖြစ်ရချေတော့မယ် ဒီတိုင်း ဆိုရင်တော့...

ဒီဟာက ရေးရင်း အရှိန်တင်ရင်းက လက်လွန် သွားတာပါ.. :P

@Zeyar ဟကောင် ဇေယျာရ သူကလည်း ဘယ်တော့မှ မလုပ်ဘူးလို့ ရေးထားတာပါဟ..
moewai , August 07, 2009 | url
...
0
@Poechan
အဲ ကြံကြီးစီရာ ကွာ။ ဂျက်ကီချမ်းကားတွေကြည့်ပြီး လွတ်မြောက်ရာလမ်း မရှာလိုက်ပါနဲ့။ ငါက အရပ်ရှည်ရှည် နဲ့ ညည်းတတ်တဲ့ သရဲတွေ ကြောက်တယ်ကွ။

ဝတ္ထုကို ၀တ္ထု လိုဖတ်ပါဟ ကောင်လေးရ ...
zeyar , August 07, 2009
...
0
အရေးအသားတွေ အရမ်းကောင်းပါတယ်၊ ကိုတောင် အဲလိုများဖြစ်နေလားလို့ ထင်လာတယ်၊ ဒါပေမယ့် လွတ်မြောက်ရာ လမ်းကို ရွေးတာ အဲလိုနည်းနဲ့တော့ ကျွန်တော်မလုပ်ရဲဘူး။ အတက်နိုင်ဆုံးတော့ ရင်ဆိုင်ကြည့်ချင်သေးတယ်။

phoechan , August 07, 2009 | url

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday27
mod_vvisit_counterYesterday50
mod_vvisit_counterThis week27
mod_vvisit_counterThis month246
mod_vvisit_counterAll19659

Who's Online

We have 1 guest online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...