ဘ၀ ဇာတ်ခုံပေါ်က တစ်ခန်းရပ် ပြဇာတ်တစ်ပုဒ်
တစ်နေ့ ရုံးကို အမျိုးသမီး ၂ဦးနဲ့ အမျိုးသား တစ်ဦး ရောက်လာတယ်။ ခဏနေတော့ ကျွန်တော့်ကို လာခေါ်တာနဲ့ အပြင်ထွက်တွေ့ပြီး စကား ပြောရပါတယ်။ အဲ့ဒီနေ့ကတော့ ကျွန်တော်ဟာ လူလိမ်တစ်ယောက် လုံးလုံး ဖြစ်ခဲ့ပြီး ကိုယ်ပြောနေတဲ့ စကားရဲ့ အသွားအလာတွေ ဘယ်ပုံဘယ်နည်း ခရီးဆန့်နေမလဲ ဆိုတာကို အကြံ အိုက်အိုက်နဲ့ မရမက စဉ်းစား ပြောဆို နေခဲ့ရပါတယ်။ တစ်ဖက် မေးမြန်း သမျှတွေကို အမှန်ကလွဲရင် အကုန်ပြောဖြစ်တယ်ပဲ ဆိုမလား၊ မမှန်တာတွေကိုသာ အသံလုပ်ပြောနေမိတယ်ပဲ ဆိုမလား... ဘာပဲဖြစ်ဖြစ် ကျွန်တော် လိမ်ခဲ့ ဖူးသမျှ (အမြဲ လိမ်နေသည် မဆိုလိုပါ။ လိမ်ဖူး သမျှကိုသာ ဆိုလိုပါသည်) တွေ ထဲမှာတော့ ဒီတစ်ခါဟာ ကျွန်တော့်အတွက် တကယ့်ကို ဆိုးဆိုးဝါးဝါး အကျပ် ရိုက်ခဲ့ပြီး မဖြစ်မနေ လိမ်ပြောခဲ့ရတဲ့ နေတစ်နေ့ပါပဲ။
အကြောင်းရင်းကတော့ အဲ့ဒီနေ့က ကျွန်တော့် သူငယ်ချင်း မိန်းမခိုးတဲ့ နေ့မို့ပါပဲ...
ဖြစ်ခဲ့တာတော့ ကြာခဲ့ပါပြီ။ ဒါပေမယ့် စဉ်းစား ကြည့်လိုက်တိုင်း မနေ့ တစ်နေ့က လိုပါပဲ။ အဲ့ဒီနေ့က အကွက်ကျကျ ခိုးယူခဲ့တဲ့ ကျွန်တော့် သူငယ်ချင်းရဲ့ လုပ်ရပ်အတွက် ဇာတ်ညွှန်း ရေးသူတွေ အထဲမှာ ကျွန်တော်လည်း ပါခဲ့တာမို့ သူ့တို့ရဲ့ အဖြစ်ဟာ မမေ့နိုင်အောင် ဖြစ်နေခဲ့ပါတယ်။ သူငယ်ချင်း မိန်းမခိုးတာကို တစ်ခါမှ မကူညီ ခဲ့ဖူးပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော် အရမ်း ရင်းနှီးတဲ့ သူငယ်ချင်းတွေ ထဲမှာ မိန်းမခိုးခဲ့တာလည်း သူတစ်ယောက်ပဲ ရှိတာကြောင့်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲ့ဒီနေ့က သူတို့ ၂ယောက် မဆိုထားဘိ ကျွန်တော်တို့ ဘေးက လူတွေတောင် သည်းထိတ်ရင်ဖို စရာ ကောင်းခဲ့တာ အမှန်ပါပဲ။
ကျွန်တော်ကတော့ အဲ့ဒီနေ့က ကောင်မလေး အမေလုပ်သူနဲ့ အဒေါ်တို့ ရောက်လာတာကို ကောင်းကောင်းမွန်မွန် ဧည့်ခံခဲ့ရသူပါ။ သမီးတစ်ယောက် ယောက်ျားနောက် လိုက်သွားတာကို ယူကျုံးမရ ဖြစ်နေရှာတဲ့ အမေလုပ်သူကို ကျွန်တော် မသနားဘဲ ဘယ်နေနိုင်ပါ့မလဲ။ ဒါပေမယ့် ကျွန်တော့်ရဲ့ တာဝန်က သူငယ်ချင်း အပေါ် သစ္စာရှိဖို့ပဲလေ။ အဲ့ဒီနေ့က စစ်ကြောမေးမြန်း ခံခဲ့ရတဲ့ ကျွန်တော့် အဖြစ်က အမှုစစ်ခံနေရတဲ့ တရားခံ တစ်ယောက်လား အောင့်မေ့ရတယ်။ မေးတဲ့ စစ်တဲ့သူတွေက ကျကျနန မရမက မေးခဲ့ကြသလို ကျွန်တော့်မှာလည်း ဦးနှောက်ကို Turbo ပါဖွင့်ပြီး အလုပ်လုပ် ခဲ့ရပါတယ်။
သိတဲ့အတိုင်းပဲလေ။ လိမ်တယ် ဆိုတဲ့လူက မဟုတ်တာကို ပြောရတာ ဆိုတော့ နည်းနည်းတော့ အဓိပ္ပါယ် မရှိတာတွေ ပါတတ်တာပေါ့။
ဘယ်လိုပဲ မေးမေး ကျွန်တော့် ထွင်လုံးတွေက ယုတ္တိတန်နေလေတော့ သူတို့ ဘယ်လိုမှ မစွမ်းသာဘူး ပေါ့ဗျာ။ သမီးဇောနဲ့ မျက်ရည်ကျနေရှာတဲ့ အမေလုပ်သူကိုလည်း မငဲ့ညှာ နိုင်ခဲ့ပါဘူး။ သူတို့ ထပြန်တော့မှပဲ ကျွန်တော့်မှာ တော်ပါသေးရဲ့ ဆိုပြီး စိတ်ဒုန်းဒုန်း ချနိုင်တော့တယ်။ ဒါပေမယ့် ထင်သလို မဟုတ်ခဲ့ပါဘူးလေ။ အခန်းထဲဝင်ပြီး ကွန်ပျူတာရှေ့ ထိုင်မိခါ ရှိသေးတယ်။ ပြန်ဝင်လာပြီး ခေါ်ခိုင်းနေတယ်လို့ လာပြောပါလေရော။ ဒါနဲ့ ထွက်သွားတော့ သူက ပြောတယ်။ "ခုနက ပြောတဲ့ အထဲမှာ သူငယ်ချင်း ပြောပြမှ သိရတယ် ဆိုတော့ အဲ့ဒီ သူငယ်ချင်းက ဘယ်သူပါလဲတဲ့" ...
ခက်ပါလေရောလား။ ဘယ်သူငယ်ချင်းကမှ ကျွန်တော့်ကို မပြောပြဘူးလေ။ ပြောပြတဲ့ သူငယ်ချင်းကို ပြောပြပါဆိုတော့ ပြောမယ့်ပြောတော့ အဲ့ဒီ ခိုးပြေးတဲ့ သူငယ်ချင်းပဲ ဖြစ်ပေမပေါ့။ စက္ကန့်ပိုင်းလောက် ကျွန်တော် ငေးမှိုင်သွားမိမယ် ထင်ပါတယ်။ ပထမ အချီက ကိုယ်က အသာစီး ရခဲ့သမျှ ရှိမယ်လို့ မမျှော်လင့်ထားတဲ့ ဒုတိယ အချီမှာ အရှိုက်ကို အထိုးခံရတာပါပဲ။ ဒီလိုနဲ့ "နယ်က သူငယ်ချင်း တစ်ယောက်က လှမ်းပြောလို့ သိတာပါ" လို့ ကျွန်တော် ပြန်ပြောလိုက်မိတယ်။ ဒီလောက်နဲ့ ပြီးသွားမယ်လို့ မထင်ပါနဲ့နော်။ ဘယ်ပြီးပါ့မလဲ။ အစောပိုင်းက ပြောပြခဲ့သလိုပါပဲ။ စစ်တာ မေးတာ တော်ပါတယ် ဆိုမှတော့ ဒီအကွက်ကို အမိအရ ဖမ်းဖို့ သူတို့ ကြိုးစားတာပေါ့။ "ဘယ်သူငယ်ချင်းပါလဲ" တဲ့။ စက်သေနတ်နဲ့ အပစ်ခံရ သလိုပါပဲ။ ဒါပေမယ့် ကျွန်တော် ပြောလိုက်ပါတယ်။ နာမည် တစ်ခုကို "မျိုး ... ပါလို့"
သူတို့က ဆက်မေးတယ်။ အဲ့ဒီ သူငယ်ချင်း လိပ်စာ ပြောပြပါတဲ့။ ဒီတော့ အကျိုးအကြောင်း ရှင်းပြ ရပါတော့တယ်။ အဲ့ဒီ သူငယ်ချင်းက နယ်က သူငယ်ချင်းပါ။ သူက ရန်ကုန်မှာ အလုပ်လုပ်တော့ အဆောင်မှာပဲ နေတဲ့သူပါ။ သူ့ရဲ့ အဆောင်ကိုတော့ ကျွန်တော်လည်း မသိပါဘူး။ ရုံးဖုန်းကိုလည်း ကျွန်တော် မသိပါဘူး။ ဘာညာတွေ ဆက်တိုက် ပြောရတော့တာပေါ့။ ဆိုတော့ သူတို့ကလည်း ဆက်မေးပါသေးတယ်။ မင်းကို ဘယ်လို ပြောပြတာလဲတဲ့။ ဘယ်လို အဆက်အသွယ် ရတာလဲတဲ့။ ကျွန်တော်က ရိုးရိုးနဲ့ ရှင်းရှင်းပဲ တုံ့ပြန်ခဲ့ပါတယ်။ အွန်လိုင်းက ပြောတာပါ။ ချက်တင်ကပါလို့။ ကံကောင်းတာက သူတို့အတွက်က ရိုးရှင်းတဲ့ ကိစ္စ မဟုတ်ခဲ့ဘူးလေ။ ဒီလိုနဲ့ အွန်လိုင်း ရှိမရှိ ကြည့်ပေးပါမယ်။ ခဏစောင့်ပါ ဘာညာနဲ့ နောက်ဆုံးတော့ သူတို့ တကယ် ပြန်သွား ခဲ့ပါတော့တယ်။
ဒီနေရာမှ တစ်ခု ပြောစရာ ရှိတာက အဲ့ဒီ ကျွန်တော့် သူငယ်ချင်းနဲ့ ပတ်သက်တဲ့ အချက်အလက် တွေက အမှန်တွေပါ။ သူတို့ ဘယ်လိုမှ ဖမ်းလို့ မရနိုင်တဲ့ အဲ့ဒီ သူငယ်ချင်း (အခု စင်ကာပူတောင် ရောက်နေရှာပြီ) နာမည်က ကျွန်တော့် ခေါင်းထဲ ၀င်လာပေးတာကပဲ အဲ့ဒီနေ့က ကျွန်တော့်ကို လွတ်မြောက်စေခဲ့တဲ့ အဓိက အကြောင်းအရင်းပါ။ ကျွန်တော်က အပူတွေ ငြိမ်းသွားပေမယ့် သူတို့ကတော့ ရက်အတော်ကြာအောင် ပုန်းအောင် နေခဲ့ပါတယ်။
x x x
တစ်နေ့ပေါ့ ကျွန်တော်တို့ သူငယ်ချင်းတွေ ကြည့်မြင်တိုင်က ကိုက်ကြေးကိုက်ဆိုင်မှာ စားနေရင်းက သူငယ်ချင်း လုပ်သူက ခိုးပြေးတော့မယ် မခိုးလို့ မဖြစ်တော့ဘူးလို့ ဆိုလာပါတယ်။ ကျွန်တော်တို့က မခိုးစေချင်ကြောင်း အမျိုးမျိုး ပြောခဲ့ပေမယ့် ကာယကံရှင်က စိတ်ပိုင်းဖြတ်ထားတာမှ နုပ်နုပ်စင်းထားသလား အောင့်မေ့ရတယ်။ ပြတ်သားချက် ကတော့ ဘယ်လိုမှ ပြောမရ တော့ပါဘူး။ နောက်ဆုံး အဲ့ဒီ ကိုက်ကြေးကိုက်ဆိုင် ရှေ့က အသိတစ်ယောက် အခန်းကို ခိုးပြေးဖို့ ဖြစ်လာ ခဲ့ပါတော့တယ်။ အဲ့ဒီ အရှေ့က တိုက်ခန်းလေး တစ်ခန်းမှာ သူတို့ကို နေလို့ရဖို့ ရုံးက အစ်ကို တစ်ယောက်က ကူညီပေးတယ်လေ။ ကျွန်တော်တို့ အကြံက ဘယ်သူမှ မထင်တဲ့ နေရာမှာ ဘယ်ကိုမှ ထွက်မသွားဘဲ နေနေလိုက်ဖို့ပါပဲ။ နောက်ပြီး ကျွန်တော်တို့ စီစဉ်လိုက်တာက ကောင်မလေးကို မပြောပြဖို့ပါပဲ။ ဒါမှ ဘယ်သူမှ မသိတဲ့ နေရာ တစ်နေရာမှာ နေနိုင်မယ်ပေါ့။ သူ့အိမ်ဖက်က လိုက်ရှာရင် အစစ်ခံ အမေးခံရသူတွေ တကယ် ဘာမှ မသိထားဖို့ စီစဉ်ခဲ့တာပါ။
နောက်တစ်နေ့ ရောက်တော့ သူတို့တွေ တကယ် ခိုးပြေး ဖြစ်ခဲ့ကြပါတယ်။ အချိန်က ၀တ္ထုတွေ၊ ဇာတ်လမ်းတွေ ထဲကလို ညသန်းခေါင် မဟုတ်ပါဘူး။ ကောင်မလေးကို အမေ လုပ်သူက ကျောင်းရှေ့ ၀င်းအပြင်မှာ ငုတ်တုတ် တစ်နေကုန် ငုတ်တုတ် ထိုင်စောင့်ရှာပါတယ်။ ဒါကို သူ ဘယ်လို ရအောင် ထွက်ခဲ့လဲ ဆိုတာကတော့ ... ဒီနေရာမှ ကျွန်တော် ဖြတ်ပြောရမှာက သူတို့ ခိုးရာလိုက်ပြေးတဲ့ ဇာတ်လမ်းတွဲ အထမြောက်စေဖို့ အဖွဲ့ကွဲလေးတွေ အများကြီးက ကူညီခဲ့တယ်လို့ ဆိုရမှာပါပဲ။ ကျောင်းထဲကို ခဏလာတဲ့ နိုင်ငံခြားသား တစ်ယောက်တောင် အစစ်ပါ လိုက်သေးတယ်။ ကောင်မလေး သူငယ်ချင်း တချို့က အဲ့ဒီ နိုင်ငံခြားသားကို အကူအညီ တောင်းပြီး အပြင်ကို သူ့ကားနဲ့ ထွက်ခဲ့ရပါတယ်။ သိပ်တော့ မခက်ပါဘူး။ ၀င်းအပြင်မှာ ငုတ်တုတ် စောင့်နေတဲ့ အမေခမြာ နိုင်ငံခြားသား မောင်းထွက်လာတဲ့ ကားကို မော့တောင် မကြည့် လိုက်ရှာပါဘူး။ ဒါပေမယ့် သူ့ရဲ့ သမီးကတော့ ထွက်သွားတဲ့ ကားနောက်ခန်းကနေ ပါတော်မူသွား ရှာပါတော့တယ်။
အဲ့ဒီကနေ သိပ်မဝေးတဲ့ အပြင် တစ်နေရာမှ နောက်တစ်ဖွဲ့က စောင့်ကြို ကြပါတယ်။ ပထမ ကူညီတဲ့ အဖွဲ့ကတော့ ကောင်မလေး ဘယ်ကို ပါသွားလဲ ဆိုတာ သိတောင် မသိလိုက်ရှာပါဘူး။ အဲ့ဒီကနေ လှည့်ပြန်သွားပါတယ်။ ဒုတိယ အဖွဲ့ထဲမှာ ဘ၀ပေး ကုသိုလ်ကောင်းဖို့ ခိုးပြေးမယ့် သူနှစ်ယောက် အတွက် တရားရုံးမှာ သက်သေ နေရာက လက်မှတ် ထိုးပေးမယ့် သူတွေလည်း အပါအ၀င်ပေါ့။ ဒီလိုနဲ့ သူတို့တွေ လက်မှတ် ထိုးဖြစ်ခဲ့တယ်။ နောက် သတ်မှတ်ထားတဲ့ နေရာကို ပို့ပေးလိုက်တယ်။ အဲ့ဒီနေ့ နေ့လည်ခင်း ပိုင်းမှာတော့ အထက်မှာ ရေးခဲ့တဲ့ အတိုင်း ကျွန်တော်က စစ်ဆေး မေးမြန်းတာတွေ ဆက်တိုက် ခံခဲ့ရတာပေါ့။ ဒါပေမယ့် ဘယ်လို ဖမ်းလို့ မရခဲ့ပါဘူး။ သူတို့ ဘယ်မှာ ရှိနေမယ် ဆိုတာကို သိထားတာက ကာယကံရှင် သူငယ်ချင်း အပါအ၀င် ကျွန်တော်တို့ အဖွဲ့ပဲ ရှိတာလေ။ ဒါကြောင့် ကျွန်တော့်ကို လာပြီး မေးမြန်း ခဲ့တာက အထိရောက်ဆုံး ကြိုးပမ်းမှု ဖြစ်ခဲ့တာပေါ့။
ကောင်မလေး မိဘတွေကတော့ နယ်က သူငယ်ချင်းရဲ့ အိမ်အထိ ညမတိုင်မီ အရောက်ချီတက် သွားကြပါတယ်။ ဒါလည်း ကျွန်တော့် စနက်ဆိုရင် မှားမယ် မထင်ပါဘူး။ ကျွန်တော်က ခပ်တည်တည်နဲ့ ပြောခဲ့တာကိုး။ "ကျွန်တော် အခုချိန်မှာ အကြံပေးနိုင်တာက နယ်က သူ့အိမ်ကို ဆက်သွယ် ကြည့်ဖို့ပါပဲ" လို့ ပြောပြီး လိပ်စာတွေ ဖုန်းနံပတ်တွေပါ ပေးလိုက်တာကိုး။ ဒါကြောင့်ပဲ ကျွန်တော့်ကို ယုံသွားသလားတော့ မပြောတတ်ပေမယ့် သူတို့ တကယ်လည်း အဲ့ဒီကို ရောက်သွားပါတယ်။ ဒါပေမယ့် သူတို့ လမ်းလွှဲမှုကပဲ ညဥ့်မိုးချုပ် စေခဲ့ပြီး ဇာတ်လမ်းလေး တစ်ပုဒ် သမိုင်းတွင်ခဲ့ ပါတော့တယ်။
x x x
ဒီဇာတ်လမ်းမှာ အမှတ်ရစရာ ပြောစရာတွေက အများကြီးပါ။ မှတ်မိသလောက်ကို ပြောရမယ် ဆိုရင် ...
သူတို့ခိုးပြေးပြီး ရက် နည်းနည်းကြာတော့ သူတို့ အပေါ်ထပ် အခန်းက လှမ်းအော်ပြီး မေးတယ်တဲ့။ အောက်ထပ်က လူရှိတာလားလို့... ကဲ စဉ်းစားသာ ကြည့်ပေတော့။ ဘယ်လို့လဲ သိလား။ အကြောင်းက သူတို့ နေ့တိုင်း အသံမထွက်၊ မီးမဖွင့်ဘဲ နေနေခဲ့လို့လေ။ ဒါပေမယ့် ရေသုံးသံ ကြားတဲ့ အခါမှာတော့ အပေါ်ထပ်က မမေးဘဲ မနေနိုင်တော့ ဖြစ်လာပြီး လှမ်းအော်ပြီး မေးရတယ် တဲ့လေ။ အဖြစ်က အဲ့ဒီလို...
နောက်တစ်ခုက ကုသိုလ် ရချင်လို့ (တကယ်တော့ မဟုတ်ပါဘူး ကူညီတာပါ) လက်မှတ် လိုက်ထိုးပေးတဲ့ ရုံးက အစ်မ တစ်ယောက်ကတော့ ကောင်မလေး အမေ လိုက်လာတဲ့ နေ့က ရုံးမှာ အတော်လေး လန့်နေ ရှာတယ်လေ။ ကူညီမယ် ဆိုတုန်းကတော့ တက်ကြွလိုက်တာ။ ပြီးတော့မှ သူကြောက် နေတယ်လေ။ ဘာလို့လဲ သိလား။ ကောင်မလေးက အသက် မပြည့်သေးဘူး လို့လည်း ဆိုနိုင်သလို ပြည့်ပြီလို့လည်း ပြောလို့ရတဲ့ အရွယ်မို့ ပါပဲ။ မြို့နယ် တရားရုံး ၂ရုံးက လက်မခံခဲ့ဘဲ တိုင်းရုံးမှာ ကျမှာ နည်းလမ်းကောင်းလေး တွေ့သွားလို့ အဆင်ပြေ သွားတာလေ။
နောက်ရှိ ပါသေးတယ်။ ထူးခြား တာတွေက တွေးလိုက်တိုင်း ထွက်ထွက်လာတယ်။ ဖြစ်ပုံက ဒီလို။ သူတို့ ရန်ကုန်ထဲမှာပဲ ပုန်းနေပြီး တစ်ပတ်ကျော်ကျော် လောက်မှာ ပြင်ဦးလွင် ဘက်ကို သွားဖြစ်ကြ သေးတယ်။ တစ်လမ်းလုံး မိမှာပဲ သူတို့ ၂ယောက် ကြောက်ကြောက်နဲ့ သွားခဲ့ကြတာပေါ့။ မန္တလေးကနေ ပြင်ဦးလွင်ကို ဆိုင်ကယ်နဲ့ တက်တော့ လမ်းမှာ သူတို့ကို စောင့်ပြီး စစ်တဲ့ တာဝန်ရှိ အဖွဲ့တစ်ဖွဲ့နဲ့ တိုးပါလေရော။ သူတို့က နဂိုကမှ လန့်နေတဲ့ သူတွေ၊ ကြောက်နေပါတယ် ဆိုမှ.. ဟိုဘက်ကလည်း သူတို့ကို ဖိစစ်တာပေါ့။ ကံကောင်းတာက သူတို့ကို စောင့်ဖမ်းတဲ့ အဖွဲ့ မဟုတ်ဘဲ ဆိုင်ကယ်ပျောက် တိုင်ထားလို့ စစ်တဲ့ အဖွဲ့ ဖြစ်နေတယ်။ သူတို့ စီးသွားတဲ့ ဆိုင်ကယ်ကလည်း နံပတ်ပြား မပါဘူးလေ။
x x x
အခုတော့ နှစ်ဖက် မိဘတွေက အသာတကြည် လက်ခံပြီး ငြိမ်းချမ်းရေး ရနေပြီလေ။ ဘယ်လောက်တောင် ငြိမ်းချမ်းရေး ရနေလဲ ဆိုရင် တစ်လောက သူငယ်ချင်းရဲ့ ယောက္ခမ လုပ်သူက သမီးလုပ်သူကို ပြောတယ်တဲ့။ ကလေး ၅ယောက်လောက် မွေးပေးရမယ်လို့ တဲ့လေ... ဒါက သူတို့ အတွေးပေါ့... ကျွန်တော် တွေးမိတာက "ဟဲ့ အကြီးကောင်.. မကြီးတကြီးကောင်.. အလတ်ကောင်.. အငယ်ကောင်.. ပေါက်စနကောင် အကုန်လုံး ဘယ်ရောက် ကုန်ပြီလဲ.. ပုန်းမနေနဲ့ ထွက်ခဲ့ကြစမ်း.. အဖေကြီးရေ.. အဖေကြီး.." လို့ မအေ လုပ်တဲ့သူများ အော်နေရမလားလို့...
မိုးဝေ
၇း၁၅ ဒီဇင်ဘာ ၁၄ ၂၀၀၉