၂၀၀၉ နှစ်ကုန်ပိုင်းရဲ့ မမေ့နိုင်လောက်တဲ့ ခရီးစဉ်လေး တစ်ခုအကြောင်း
ထမင်းဝိုင်းမှာ ထိုင်လိုက်တယ် ဆိုရင်ပဲ ဟင်းလျာပေါင်း များစွာက လူ ၇ယောက် ထိုင်လို့ရတဲ့ စားပွဲဝိုင်းမှာ ထမင်းပန်းကန်ပင် ချစရာ မရှိလောက်အောင် ပြည့်လို့ သွားခဲ့ပါတယ်။ ၀က်သား၊ ကြက်သား၊ ဆတ်သား၊ ငါး အစရှိတဲ့ အချိုအစပ် ဟင်းလျာတွေ အမျိုးမျိုး အပြင် အသီးအရွက် အကြော်၊ အသုတ်၊ ဟင်းချို၊ ချဉ်ဟင်း၊ တို့စရာ အသီး အရွက်စုံ တို့ကို စားချင်စဖွယ် ဖွယ်ဖွယ်ရာရာ ခင်းကျင်းလိုက်တာပဲ ဖြစ်ပါတယ်။ ထမင်းအုပ် တစ်ခုကို ဘေးမှာ ချပေးထားပြီး ထမင်းပန်းကန်နဲ့ ဇွန်း ခက်ရင်းတို့လည်း ရောက်ရော အားလုံး ခေါင်းမဖော်တမ်း အားတက်သရော စားသောက် ဖြစ်ခဲ့ပါတယ်။ အရသာ မျိုးနွယ် အစုံအလင် ကြားမှာ ဘယ်ဟင်းခွက်က ဘယ်အသားဟင်း၊ ဘယ်အရွက်ကြော်၊ ဘယ်လို တို့စရာနဲ့ ရောစပ်စားမလဲတောင် တွေးမနေ နိုင်ခဲ့ပါဘူး။ စားကောင်းကောင်းနဲ့ စားခဲ့ကြတာ နောက်ဆုံး ၀မ်းက လက်ခံနိုင်သမျှ တစ်ဆုံးမှာတော့ အားမတန်လို့ မာန်လျှော့ ရတယ်ပဲ ဆိုရမလား၊ ကျန်နေတဲ့ ဟင်းခွက်တွေကို ကြည့်ရင်း နှမြော နေမိပြန်ပါတယ်။ ကုန်သွားတဲ့ ဟင်းခွက်တွေကလည်း အလိုလို ပြန်ပြည့်လာသလား အောင့်မေ့ ရလောက်အောင် ပါပဲ။ ကုန်တာနဲ့ ထပ်ပြီး ဖြည့်တင်း ပေးခဲ့တာလည်း တွေ့ရပါတယ်။ ဆိုင် အပြင်အဆင်က ဟန်ကြီး ပန်ကြီးတွေ မပါဘဲ အရသာ ထူးကဲလွန်းလှတဲ့ ဟင်းလျာတွေနဲ့ တကယ့် အနှစ်သာရကိုသာ လိုလေသေး မရှိအောင် ၀န်ဆောင်မှု ပေးခဲ့တာက စစ်ကိုင်းရဲ့ တစ်ဖက်ကမ်း မန္တလေး ဧရာဝတီ မြစ်ကမ်းနံဘေးနားက ဒေါ်အေးကြင် ဆိုတဲ့ ဘူဖေး မြန်မာ ထမင်းဆိုင်ပါပဲ။
တစ်ယောက်မှ ငွေကျပ် ၁၆၀၀ သာ ကျစေပေမယ့် သူတို့ ပေးလိုက်တဲ့ စားသုံးသူတွေ အတွက် ၀န်ဆောင်မှုကတော့ အံ့မခန်းပါပဲ။ ဒါက စစ်ကိုင်းဘက် ဘုရားဖူးထွက်ရာက အပြန် နေ့လည် တစ်နာရီ ၀န်ကျင်မှာ ကျွန်တော်တို့ ခရီးသွား တစ်ဖွဲ့လုံး ဆာဆာနဲ့ ဆွဲခဲ့တဲ့ ၀ါးတီးပွဲ အကြောင်းပေါ့…
x x x
ပြီးခဲ့တဲ့ ၂၄ရက်နေ့ ညနေက စပြီး ကျွန်တော်တို့ မိသားစုလိုက် ခရီးထွက် ဖြစ်ခဲ့ပါတယ်။ မန္တလေး၊ ပြင်ဦးလွင်နဲ့ စစ်ကိုင်းဘက်က ဒေသ အချို့ဆီကိုပေါ့။ လမ်းတစ်လျှောက် ဒေသအလိုက် နာမည်ကြီးတဲ့ အစားအသောက်တွေကို လိုက်လံ စားသောက်ခွင့် ရခဲ့တာက အဲ့ဒီခရီးရဲ့ အမှတ်ရဖွယ်ရာ အကောင်းဆုံးတွေ ထဲက တစ်ခုပါပဲ။ ကျွန်တော်တို့ မန္တလေးမြို့ကို စပြီးရောက်တဲ့ နေ့မှာပဲ နာမည်ကြီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဖြစ်တဲ့ unison မှာ နံနက်စာ စားခဲ့ကြပါတယ်။ မန္တလေး တောင်ပေါ် တက်ခဲ့ပြီး အပြန်မှာတော့ မန္တလေး နန်းတွင်းထဲ ၀င်ရောက် လေ့လာ ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ နေ့လည်စာ အဖြစ်နဲ့ မန္တလေး ၁၆လမ်းက မြီးရှည်ဆိုင်မှာ တစ်ချီနွှဲကြ ပြန်ပါတယ်။ ပုံမှန်စားနေကြ မြီးရှည်လို မဟုတ်ဘဲ ၀က်မြှီး၊ ၀က်လျှာ၊ ၀က်နှလုံးတွေပါ ပါတာကြောင့် စားရတဲ့ အရသာက ထူးထူးကဲကဲ ဖြစ်နေတာမို့ အားရပါရ ဆွဲခဲ့ကြပြန်ပါတယ်။ ပြီးတော့ လည်စရာ ရှိတာ လည်အပြီး မန္တလေး ရှမ်းပွဲရပ်က ဆွေမျိုးတွေ အိမ်ကို ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာက ကျွန်တော်တို့လို အဝေးပြေးကားနဲ့ မဟုတ်ဘဲ လေယာဉ်နဲ့ လာကြာတဲ့ ကျွန်တော်တို့ အဖိုးအပါအ၀င် လူကြီးတချို့နဲ့ ပူးပေါင်းခဲ့တာပါ။ နားနားနေနေ ခဏတာအတွင်းမှာ အမျိုးအိမ်က ၀ယ်ထားတဲ့ မန္တလေး အကြော်တွေကိုလည်း မရှောင်တမ်း စားခဲ့ကြပြန် ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့ အားလုံး ပြင်ဦးလွင်ကို စင်းလုံးငှါးထားတဲ့ ခရီးသွား မီနီဘတ်စ်နဲ့ ခရီးဆက်ခဲ့ပါတော့တယ်။
ပြင်ဦးလွင်ကို စရောက်တော့ ပထမဆုံး အင်္ဂလိပ် လက်ထက်က ဘုရင်ခံ နေခဲ့တဲ့ အိမ်ပုံစံအတိုင်း ပြန်ပြီးဆောက်ထားတဲ့ Governor House (ရွှေစံအိမ်)ကို ၀င်ရောက် လေ့လာဖြစ်ခဲ့ပါတယ်။ ကားပေါ်က ဆင်းလိုက်တယ် ဆိုရင်ပဲ တောင်ကုန်းထိပ်မှာ ရှိနေတဲ့ မြေပြင်ကို ခြေအချမှာ တိုက်ခတ်လိုက်တဲ့ လေနုအေးလေးက ပြင်ဦးလွင်ပါလား ဆိုတဲ့ အသိကို ပိုပြီး အသက်သွင်းပေး လိုက်သလိုပါပဲ။ အဲ့ဒီနောက်မှာတော့ တည်းခိုမယ့် ကန်တော်ကြီး ဟိုတယ်ကို ရောက်ခဲ့ကြပါတယ်။ အသီးသီး တည်းခိုမယ့် အခန်းမှာ နေရာယူပြီး မကြာခင်မှာပဲ ဓာတ်တော်ချိုင့် မျက်နှာချင်းဆိုင်မှာ ရှိတဲ့ အနီးစခန်းနားက အပန်းဖြေ နေရာလေး တစ်ခုကို ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ ရှုခင်းနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြပြီး ကော်ဖီသောက် မုန့်စားကြပါတယ်။ အဲ့ဒါနောက်မှာတော့ မဟာအံ့ထူးကံသာ ဘုရားကို သွားရောက် ဖူးမြော်ခဲ့ကြပြီး အဲ့ဒီက အပြန်မှာတော့ ပြင်ဦးလွင် ကန်တော်ကြီး ကန်စပ်မှာရှိတဲ့ Feel မှာ ညစာစားခဲ့ကြပါတယ်။ အင်မတန်မှာ ချမ်းစိမ့်နေတဲ့ ညဦးပိုင်းမှာ ကန်စပ်မှာ ရှိတဲ့ နေရာထိုင်ခင်း တစ်ခုမှာ ညစာစားရတာက အစားအသောက်ထက် လွန်လွန်ကဲကဲ အေးနေတဲ့ ရာသီဥတုကိုပဲ အာရုံရောက် နေခဲ့ပါတယ်။ စားသောက်ပြီးတာနဲ့ အနွေးဓာတ်ရှိတဲ့ ကားထဲကို အပြေးသွားခဲ့တာက လူကြီးတွေထက်ပဲ လူငယ်တွေက အအေးပိုကြောက်တယ် ဆိုရမလားပါပဲ။
ဒီလိုနဲ့ ချမ်းအေးလွန်းတဲ့ ဆောင်းညတစ်ညမှာ ကန်တော်ကြီး ဟိုတယ်ရဲ့ ဘန်ဂလိုတစ်ထဲ အေးအေးနဲ့ ကွေးလိုက်တာ နောက်တစ်နေ့ နံနက်ကို ရောက်မှန်းမသိ ရောက်ခဲ့ပါတော့တယ်။ ပြင်ဦးလွင်ရဲ့ နံနက်ခင်းမှာတော့ နံနက်ခင်းစာကို San Francisco ဆိုတဲ့ ရှမ်းဆိုင်တစ်ဆိုင်မှာ စားဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာပဲ အဖိုးရဲ့ ၈၉နှစ်ပြည့် မွေးနေ့ကို မန္တလေးမှာ ကြိုမှာထားတဲ့ ဘတ်ဒေးကိတ်နဲ့ လုပ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လက်ဖက်ရည် ကောင်းတယ် ဆိုတဲ့ အိန္ဒိယနွယ်ဖွား လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို ရောက်ခဲ့ပါသေးတယ်။ အဲ့ဒီမှာ မလိုင်၊ နွားနို့ အစရှိတဲ့ နံနက်စာကို နှစ်ထပ်ကွမ်း ထပ်ပြီးစားသောက် အပြီးမှာတော့ ပွဲကောက်ရေတံခွန်ကို ကျော်ပြီး သွားရတဲ့ လိမ္မော်ခြံကြီး တစ်ခုကို ရောက်ခဲ့ပါတယ်။ ၂ထပ် ဘန်ဂလိုကြီးမှာ လတ်လတ်ဆတ်ဆတ် ခူးယူထားတဲ့ စတော်ဘယ်ရီသီး အကြီးကြီးတွေနဲ့ လိမ္မော်သီးတွေ စားရင် အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြပါတယ်။ ပြီးတော့ လိမ္မော်စိုက်ခင်းထဲ ဆင်းပြီး အသီးတွေ အပြွတ်လိုက် အတွဲလိုက် သီးနေတဲ့ လိမ္မော်ပင်တွေနဲ့ ဓာတ်ပုံတွေ ရိုက်ကြ၊ အသီးတွေ ခူးကြနဲ့ ပျော်ပျော်ပါးပါး လည်ပတ်ခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာတော့ ပြင်ဦးလွင်ရဲ့ အထင်ကရ အရှိဆုံး အမျိုးသား ကန်တော်ကြီး ဥယျာဉ်ဆီကို ရောက်ခဲ့ပါတော့တယ်။ ကန်တော်ကြီး ဥယျာဉ်တစ်လျှောက် ပန်းခြံတွင်းစီး လျှပ်စစ် မော်တော်ကားလေးတွေနဲ့ လည်ပတ်ခွင့် ရခဲ့ပါတယ်။ ကန်တော်ကြီး ပန်းအလှ စိုက်ခင်းတွေ အပါအ၀င် နေရာအစုံအလင် ရောက်ခွင့် ရခဲ့ပြီး မြန်မာပြည် တစ်လွှားက အထင်ကရ အဆောက်အဦ များနဲ့ ပုံစံငယ် တည်ဆောက်ထားတဲ့ နေရာတွေကိုလည်း လျှပ်စစ် ကားလေးတွေရဲ့ ကျေးဇူးနဲ့ပဲ ရောက်ခဲ့ပြန်ပါတယ်။ လည်လို့ ပတ်လို့ ဓာတ်ပုံရိုက်လို့ ၀တဲ့ အချိန်ရောက်တော့ မ၀တော့တဲ့ အရာက ဗိုက်ပါပဲ။ ဆာဆာနဲ့ ချစ်တီး ထမင်းဆိုင် တစ်ဆိုင်မှာ ၀င်ဆွဲကြပြန်ပါတယ်။ ရှေ့ဝိုင်းက လူတွေများနေတာကြောင့် ထမင်းဟင်းတွေကို စောင့်ဆိုင်းခဲ့ရပေမယ့် ရောက်လာပြန်တော့လည်း အငမ်းမရ စားသောက်ကြပြန်ပါတယ်။ ဒီလိုနဲ့ ဗိုက်ပူနံကား ကျေနပ်အားရ သွားကြတဲ့ အခါမှာတော့ ပြင်ဦးလွင် မြို့ထဲမှာ ဈေးဝယ်ကြပါတယ်။ အဲ့ဒီလိုနဲ့ နောက်ဆုံး ဟိုတယ်ကိုပြန် ပစ္စည်းတွေ သိမ်းပြီး ပြင်ဦးလွင်ကို နှုတ်ဆက်ဖို့ အကြောင်းဖန်လာ ပါတော့တယ်။ ကျွန်တော်တို့ နောက်ဆုံး အနေနဲ့ ပြင်ဦးလွင်ရဲ့ နာမည်ကြီး အအေးဆိုင် ထီးလှိုင်မှာ ၀င်ပြီး အအေးသောက်၊ အစာပြေ အစားအစာ တချို့ စားခဲ့ကြပါသေးတယ်။ နောက်ဆုံးမှာတော့ ပြင်ဦးလွင်ကို လက်ပြနှုတ်ဆက်ကာ မန္တလေး ၈၃လမ်းက Silver Swan ဟိုတယ်ကို ရောက်လာပါတော့တယ်။ ခဏနားပြီး တရုတ်တန်းမှာ ညစာ သွားစားဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ညဥ့်မနက်ခင် အချိန်တွေကို အခန်းတစ်ခန်းမှာ စုပြီး ဖဲရိုက်ရင်း ကုန်ဆုံး စေခဲ့ပြီး နောက်တစ်နေ့ နံနက်ခင်းကို ရောက်ခဲ့ ပြန်ပါတော့တယ်။
ဟိုတယ်က ကျွေးတဲ့ ဘူဖေးလ် နံနက်စာကို အ၀စားကြပြီး မီနီဘတ်စ်ကြီးနဲ့ တစ်နေ့တာ ခရီးစဉ်ကို စတင်ခဲ့ကြပါတယ်။ မဟာဂန္ဓာရုံမှာ အလှူအတန်းတွေ လုပ်အပြီးမှာတော့ စစ်ကိုင်းဘက်ကမ်းက မင်းကွန်းဘက် ခရီးဆက်ခဲ့ပါတယ်။ မင်းကွန်း လူအိုရုံမှာ တစ်ခါ လှူကြတန်းကြ၊ မင်းကွန်း ခေါင်းလောင်းကြီးနဲ့ ဓာတ်ပုံရိုက်ကြပေါ့။ အဲ့ဒီနောက် နောက်ကြောင်း ပြန်လှည့်ခဲ့ကြပြီး ဘိုးတော်ဘုရား တည်ခဲ့တဲ့ ပုထိုးတော်ကြီးကို ရောက်ခဲ့ပါတယ်။ ဧရာဝတီ မြစ်ကမ်းအစပ်မှာ တစ်ဖက်ကမ်းကိုပဲ ခုန်ကူးတော့မယောင် ဆောက်လုပ်ထားခဲ့တဲ့ ခြင်္သေ့ကြီး နှစ်ကောင်ကတော့ အပိုင်းပိုင်း ပြိုလဲနေတာပဲ တွေ့ခဲ့ရပါတယ်။ အစုလိုက် အဖွဲ့လိုက် အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြပြီး ပုထိုးတော်ကြီး အရှေ့က အကြော်ဆိုင်ကနေ အကြော်စုံတွေ ၀ယ်စား ဖြစ်ပါသေးတယ်။ ငါးကြော်၊ ပုဇွန်ကြော်၊ ဘူးသီးကြော်၊ ပဲစိမ်းကြော်၊ တို့ဟူးကြော်တို့ကို အလုအယက် စားသောက်ကြပြီး ခရီးဆက်ခဲ့ ကြပါတယ်။
အဲ့ဒီနောက်မှာတော့ အပြန်လမ်းမှာ ရှိတဲ့ ခိုတောင် ဆိုတဲ့ ရွာလေးကို အရောက်မှာတော့ အဖိုးက အဖွား အလွမ်းပြေ ခိုတောင် မုန့်တီ စားမယ် ဆိုလို့ ခဏ ရပ်နားဖြစ်ခဲ့ပါတယ်။ မုန့်တီဆိုင်လေးကို စပြီးဝင်တော့ မုန့်တီ ၅ပွဲလို့ မှာခဲ့ပေမယ့် တကယ်တန်း စားတော့ ၁၂ပွဲ ကျော်ကျော်လောက် စားဖြစ် ခဲ့ကြပါတယ်။ တကယ်က အစာပြေ သက်သက် ၀င်စားရတာပါ။ ဘာလို့လဲ ဆိုတော့ နေ့လည်စာ ထမင်းစားချိန်က ရောက်လုနီးနေပြီကိုး၊ ဒါပေမယ့် ၁၂ပွဲနဲ့ ရပ်ခဲ့သင့်ပေမယ့် ခိုတောင်မှာပဲ နောက်ထပ် ဇာတ်လမ်းက ရှည်ခဲ့ပြန်ပါတယ်။ မုန့်တီဆိုင်လေးရဲ့ လမ်းတစ်ဖက် တစ်ချက်မှာ ရှိတဲ့ မုန့်လက်ဆောင်း အသည် ကိုလည်း တွေ့ရော မုန့်လက်ဆောင်းတွေ သောက်ကြပြန်ပါတယ်။ တစ်ခွက်မှ ၅၀ဆိုတော့ တပြုံးပြုံးနဲ့ သူ့ငါခွံ့ပေးပြီး ပျော်ပျော်ပါးပါး သောက်ခဲ့ကြတာပါ။ ဒီလိုနဲ့ မန္တလေး ပြန်ရောက် လာခဲ့ပြီး ဗထူးကွင်းနားမှာ ဒုတိယမြောက် မြီးရှည် ထပ်စားကြပြန် ပါတယ်။ အမျိုးတွေ ဘာလို့ ဒီလောက် မြီးရှည်ကြိုက်လဲ ဒီတစ်ခါမှ ကျွန်တော် သေချာ နားလည်သွားပါတယ်။ ၀က်စအုကြော်၊ ၀က်ခေါက်ကြော်တွေနဲ့ ပထမ နေ့ကနဲ့ မတူတဲ့ မြီးရှည်က ကျွန်တော့်အတွက် စားလို့ အရမ်းကောင်းနေ ခဲ့ပါတယ်။ ဒီလိုနဲ့ ဟိုတယ်ကို ပြန်ရောက်ပြီး ငှါးထားတဲ့ သိန်းညို မီနီဘတ်စ်ကြီးကို နှုတ်ဆက်ခဲ့ပါတော့တယ်။
အဲ့ဒီနေ့ ညနေပိုင်းက မဟာမြတ်မုနိ ဘုရားကြီးကို သွားရောက် ဖူးမြော်ခွင့် ရခဲ့ပြီး အပြန်မှာတော့ ဟိုတယ်အရှေ့နားမှာပဲ ညစာ စားဖြစ်ကြပါတယ်။ လူကြီးတွေကတော့ ရှမ်းဆိုင် တစ်ဆိုင်မှာ စားကြပြီး လူငယ်တွေက ဘီယာဆိုင်ကို ရောက်ခဲ့ပါတယ်။ မန္တလေးက အစ်ကိုနဲ့ ညီတို့ ပါ ပါခဲ့ကြပြီး ဟိုတယ် ပြန်ရောက်တော့လည်း သူတို့ ၀ယ်ပေးထားတဲ့ ပွဲဈေးတန်း တစ်ခုက ရေမုန့်၊ မုန့်လင်မယားနဲ့ မုန့်သိုင်းခြုံ တို့ကိုလည်း အရသာ ရှိရှိနဲ့ စားကာ တစ်ညတာ ကုန်ဆုံးခဲ့ပြန် ပါတယ်။
နောက်တစ်နေ့ နံနက်ခင်းမှာတော့ ထုံးစံအတိုင်း ဟိုတယ်က ကျွေးတဲ့ နံနက်ခင်းစာကို စားပြီး မိတ်ဆွေတချို့ရဲ့ အကူအညီနဲ့ ပါဂျဲရိုး ၃စီးနဲ့ အတူ ဦးပိန် တံတားဆီသို့ ဦးတည်ခဲ့ကြပါတယ်။ အရင်က ရောက်ဖူးခဲ့တဲ့ စစ်ကိုင်းဘက်ခြမ်း မဟုတ်ဘဲ ရတနာပုံ တက္ကသိုလ်ကြီးကို ဖြတ်ပြီး သွားရတဲ့ မန္တလေး ဘက်ခြမ်းဖြစ်တာကြောင့် တမူထူးခြားတဲ့ ခံစားချက်ကို ရခဲ့ပြန်ပါတယ်။ အဲ့ဒီကမှ စစ်ကိုင်းတောင်ဘက် ဘုရားဖူး ဆက်ခဲ့ပြီး ကောင်းမှုတော်ကို ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ စားခဲ့ရတဲ့ ဆိတ်သားကြော်က အရမ်းလတ်ဆတ်ပြီး စားကောင်းခဲ့တာမို့ နောက်ထပ် ဘယ်တော့မှ အဲ့လို ထပ်စားခွင့် ကြုံမလဲ ဆိုတာတောင် တွေးရလောက်အောင်ပါပဲ။ အဲ့ဒီနောက်မှာတော့ စစ်ကိုင်းမြို့ထဲ ခဏရောက်ခဲ့ပြီး အပြန်မှာတော့ နေ့လည်စာအတွက် ဒေါ်အေးကြင် ဆိုတဲ့ ထမင်းဆိုင်ကို ရောက်ခဲ့ပါတော့တယ်။
x x x
ဒီလိုနဲ့ နောက်ဆုံး ကျန်ရှိတဲ့ တစ်ညတာမှာ ဟိုတယ်နားက ပစ်ကပ်ကားလေး ငှါးပြီး မန္တလေးက ရှော့ပင်းမော တချို့ကို လှည့်ပတ်ကြည့်ခဲ့ပါတယ်။ ၀ယ်သူက၀ယ်၊ ငေးသူကငေးနဲ့ ဂရိတ်ဝေါနဲ့ 78 တို့ အပြီးမှာတော့ ညစာအတွက် စန္ဒာမေ ဆိုတဲ့ ဆိုင်လေးကို ရောက်ခဲ့ပါတယ်။ မှတ်မှတ်ရရ ဂရိတ်ဝေါကနေ 78 ကို အသွားမှာ ကားပျက်လို့ မန္တလေး ကားလည်း တွန်းခဲ့ရပြီး 78 က ပြန်အထွက်မှာတော့ မနိုးတော့တဲ့ ထိုကားနဲ့ ကားဆရာကို လက်ပြ နှုတ်ဆက်ရုံသာ ရှိခဲ့ပါတယ်။ စန္ဒာမေ အရောက်မှာတော့ ဖက်ထုတ်ပေါင်းနဲ့ ၀က်သားလိတ်တို့က အရသာကို ဘယ်လို ထုတ်ပြောရမယ်မှန်း မသိလောက်အောင် စားကောင်းခဲ့ပြီး နောက်ဆုံး အဆုံးသတ်မှာတော့ လေးဘီးကားလေးနဲ့ ဟိုတယ်ကို ပြန်ရောက် ခဲ့ပါတော့တယ်။ နောက်တစ်နေ့ နံနက်ခင်း အာရုံတက်မှာ လူကြီးတွေက ဆွမ်းသွားလောင်းကြပါတယ်။ အဲ့ဒီ နောက်ဆုံးနေ့ နံနက်ခင်းပိုင်းနဲ့ နေ့လည်ပိုင်း တွေမှာတော့ ဟိုလိုလို ဒီလိုလိုနဲ့ ကုန်ဆုံးခဲ့ပြီး ညနေ ရန်ကုန်ကားကို တက်စီးပြီး ပြန်ခဲ့လိုက်တာ…
ဟက်ပီးနှစ်သစ်ပါဗျာ… နှစ်သစ်မှာ စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ ကြပါစေလို့…
မိုးဝေ
ဇန်န၀ါရီ ၁ ၂၀၁၀ ၁၃း၂၀