Latest Comments

ထိုခရီး၊ ထိုနေရာ၊ ထိုဒေသ၊ ထိုဟိုတယ်၊ ထိုသောင်ပြင်၊ ထိုပင်လယ် ရေလှိုင်းများသည်

Share |
နေက ပူသည်။ နွေမို့ ပို၍ပင် ပူပြင်းသည်။ အနီရောင် အဖြစ်သို့ တဖြေးဖြေး ကူးပြောင်းနေသည့် နေမင်းသည် တစ်နေကုန် အဟုန်ပြင်းပြင်း ပူပြင်း တောက်ပခဲ့ပြီး အနောက်ဘက် မိုးကုတ်စက်ဝိုင်း ဆီသို့ ဦးတည် ရွှေ့လျား၍ နေသည်။ ညနေခင်းပိုင်း ရောက်ခဲ့ပြီ ဆိုသော်ငြား အပူဒဏ်သည် အတော်ပင် ဆိုးဆိုးဝါးဝါး ကျန်ရှိနေဆဲ ဖြစ်သည်။

လေက တိုက်သည်။ ပင်လယ် ကမ်းစပ်တွင်မို့ ပို၍ပင် တိုက်ခတ်သေးသည်။ တသွေ့သွေ့ တဝှေ့ဝှေ့ တိုက်ခတ်နေသည့် ပင်လယ်လေ များကြောင့် ပင်လယ် ကမ်းခြေစပ်ရှိ အုန်းပင် အုန်းလက်တို့မှာ ကကြိုးကကွက် မျိုးစုံဖြင့် ယိမ်းထိုး၍ နေသည်။ သောင်ပြင် ကမ်းစပ်အား ကျီစယ် ပုတ်ခတ်နေသည့် လှိုင်းလုံးများ၏ တဝေါဝေါနှင့် ရိုက်ခတ်သံများက ကမ်းခြေတွင် ရှိနေသူ အပေါင်းအား ညှို့ဓာတ် ပြင်းပြင်းဖြင့် ဖမ်းစားရန် ကြိုးစားနေသည့် အလား။

ကောင်းကင်ပြာကို နောက်ခံထားပြီး တဖွေးဖွေး တဖွားဖွား ပြေးလွှား ဆော့ကစား နေကြသည့် ပင်လယ် ရေလှိုင်းများ၏ ညှို့ငင် ဖမ်းစားမှုကြောင့် ပူပြင်းလွန်းသည့် နေရောင်ကိုပင် ပဓာန မထားနိုင်တော့။ ပင်လယ် နက်ဆီမှ ကမ်းစပ်သို့ အပြေးလာ လက်ရပ် ခေါ်နေသည့် အလား တစ်လုံးပြီး တစ်လုံး၊ တစ်လိပ်ပြီး တစ်လိပ်၊ အကြိမ်ကြိမ် အလီလီ သောင်ပြင်စပ်တွင် ပျော်မြူး ဆော့ကစား နေသည့် လှိုင်းလုံးများ ဆီသို့ ပြေးဝင်ခုန်လျှိုး ကူးခတ် ဆော့ကစားရန်သာ ရှိပေတော့သည်။ ထို ပင်လယ်လှိုင်း တို့၏ ညှို့ငင် ဖမ်းစားမှု အောက်တွင် ၀ပ်ဆင်း ခစားရန်သာ ရှိပေတော့သည်။ တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် ထို ပင်လယ် ကမ်းခြေ၌ ပထမဆုံး အကြိမ် မြင်တွေ့ဖူးသည့် ခပ်ငယ်ငယ် ကောင်မလေး တစ်ဦး၏ ညှို့ငင် ဖမ်းစားခြင်း ခံနေရသူ တစ်ဦးလည်း ရှိနေခဲ့ပြန်သည်။

ထိုစဉ် အချိန်က မထင်မှတ်ထားဘဲ လှုပ်နိုး လာခဲ့သည့် ရင်ခုန်သံများသည် ပင်လယ် ဒီရေလှိုင်းများ ကဲ့သို့ပင် နှစ်များစွာ ကြာသည့် ယနေ့တိုင် လန်းဆန်းနေဆဲ၊ လတ်ဆတ်နေဆဲ၊ လှုပ်ခတ်နေဆဲ၊ ကြည်နူး နေရဆဲပင်...

x x x

ရေသန့်ဗူး အလွတ်တစ်ခု တစ်ခုထဲ ရေအပြည့်ထည့်ပြီး သူ ကမ်းခြေသို့ ဆင်းလာခဲ့သည်။ နွေနေပူပူအောက် ကမ်းခြေ တစ်လျှောက်တွင် သူငယ်ချင်း များနှင့် ပြေးလွှား ဆော့ကစား နေရင်းကပင် လည်ဆံ တမော့မော့နှင့် ကောင်မလေး ပင်လယ်ထဲ ဆင်းမည့် အချိန်အား သူ မျှော်နေမိသည်။

မကြာလိုက်ပေ။ ပင်လယ်ထဲ ဆင်းကာ ရေဆော့ ကစားမည့် ကောင်မလေးနှင့် အပေါင်းအပါ ၂ဦးအား သူ တွေ့မြင် လိုက်သည့်သူ... ဤ အခွင့်အရေးအား မည်သို့မျှ လက်လွှတ်ခံ၍ မဖြစ်သည်ကို နားလည်ထားသည့် သူ... အသင့်ပြင် ထားသည့် ရေဗူးကို ဆွဲကာ အမိအရ ရေလောင်းခဲ့သည်။ ထိုနေ့သည် သင်္ကြန် အကျနေ့ မဟုတ်ပါလား။ ထိုသင်္ကြန်ရေနှင့် အတူပင် ရင်တွေ ခုန်လိုက်ရသည့် ဖြစ်ခြင်း...

x x x

ထိုစဉ်က သူ တော်တော်လေး ရူးခဲ့သည်။ ထို ကောင်မလေး ထံမှ ချစ်ခွင့်ရဖို့ ချစ်သူများ ကျွန်းရှိ ရေသူမရုပ်ကိုပင် သူ အလွတ် မပေးခဲ့။ အကြောင်းရင်းက ခရီးအတူ ထွက်ခဲ့သည့် သူငယ်ချင်း အပေါင်းအသင်း များက ထိုရေသူမ ရုပ်အား လက်ဖြင့် ထိကိုင်ပါက ပုံမှန်ထက် ပို၍ စန်းပွင့်ကာ ချစ်သူရည်းစား မရှိသေးသူများ အချိန်တိုအတွင်း ရလေ့ရှိသည် ဆိုနေကြခြင်းပင်။

မှန်သည် မှားသည် သူမတွေးဖြစ်ခဲ့။ သူ တွေးနေသည်က မြင်မြင်ချင်း စွဲလန်း ခဲ့ရသူ၊ ရင်ခုန် စိတ်လှုပ်ရှား စေခဲ့သူလေးနှင့် ချစ်ခွင့် ရလိုခြင်းပင်။ ထို့အတွက် ကြောင့်လည်း ထိုကျွန်းကို မဖြစ်မနေ အရောက် သွားဖြစ်ခဲ့သည်။ ကျွန်းပေါ်ရောက်တော့ ရေသူမရုပ် ခမြာ အလှဓာတ်ပုံ ရိုက်နေကြသူများ လေးဘက် လေးတန်ဖြင့် မအားမလပ် ဖြစ်နေရှာသည်။ ရေသူမရုပ် နားသို့ ကပ်ခွင့် ရရန်ပင် အတော်လေး စောင့်ဆိုင်း ခဲ့ရသည်။ သို့ဖြင့် တစ်နေရာ လစ်ဟာသွားချိန် အချစ်စိတ်များဖြင့် ပြည့်နှက်နေသည့် သူ့အတွက် ထိုအခွင့်အရေးအား အမိအရ ဆုပ်ကိုင်ခဲ့သည်။ မရမက အပြေးအလွှား သွား၍ ထို ရေသူမ ရုပ်အား ထိကိုင်ကာ ဆုတောင်း ခဲ့မိသည်။

ထိုဆုတောင်းသည် ပြည့်မည်လော မပြည့်မည်လော သူမသိမမြင်ခဲ့ သလို၊ နောက်တစ်ချိန်တွင် သူငယ်ချင်း အပေါင်း အသင်းများက "ရည်းစားရဖို့ အရေး ရေသူမရဲ့ မဖွယ်မရာကို ကိုင်ပြီး ဆုတောင်းတဲ့ ကောင်" ဟု ကျည်စယ် နောက်ပြောင်ခြင်း ခံနေ ရမည်ဟုလည်း သူ ကြိုမသိခဲ့ပေ။

x x x

သင်္ကြန်တွင်း ထို၃ရက်တွင် အဆင်ပြေ ပြေသလို သူ မိန်းမ ပိုးခဲ့သည်။ ဟိုတယ်ရှေ့တွင် တစ်မျိုး၊ ကမ်းခြေစပ်တွင် တစ်ဖုံ၊ ရေထဲတွင်လည်း မနား၊ မဟာ ဇနက ဇွဲ နှလုံးမူပြီး ပိုးပမ်းခဲ့သည်။ ဟိုတယ်ခန်း ရှေ့တွင်လည်း နည်းမျိုးစုံဖြင့် လူပျိုလှည့်သည်။ နံနက်၊ နေ့လည်၊ ညနေ၊ ည အချိန်လည်း သူမရွေးအား။ ရေထဲတွင် ဆော့ကစား ကြချိန်မျိုးတွင် အုပ်ထိန်းသူများ အလစ် ကောင်မလေး အနားသို့ ချဉ်းကပ်ရန် ကြိုးစား ရသည်က အမော၊ အနားကပ်ခွင့် ရဖို့၊ စကားပြောခွင့် ရဖို့ အုပ်ထိန်းသူများ အရိပ်အကဲ ကြည့်ရင်းကပင် ကြိုးပမ်းခဲ့သည်။ လုံးပန်းခဲ့သည်။ သူသည် ကောင်မလေး ထံမှ တစ်စုံတစ်ရာကို လေးလေးနက်နက် မျှော်လင့် နေမိပေပြီ။ တွေ့မြင် ကြုံခိုက် ထိုအချိန် ခဏလေး အတွင်းမှာပင် ထို ကောင်မလေးအား သူ ချစ်နေမိခဲ့ ပေပြီ။

x x x

နေ့ရက်တွေက ကုန်မြန် လွန်းလှသည်။ ထို ကောင်မလေးအား နေ့စဉ် ရက်ဆက် မြင်တွေ့ချင် နေမိချိန်မှာပင် လမ်းခွဲကြဖို့က အချိန်တန် လာခဲ့သည်။ ထိုနေ့ ထိုရက် ထိုအချိန်သည် အပန်းဖြေ ခရီးမှ လှည့်ပြန် ရတော့မည် မဟုတ်ပါလား။ ကြိုးစားနိုင်သမျှ၊ လုပ်နိုင်သမျှ၊ အစွမ်းကုန် ကြိုးပမ်းခဲ့ပြီး ဖြစ်သည်ကိုမူ သံသယ မရှိ။ ကံကိုသာ ယိုးမယ်ဖွဲ့ ရပေတော့မည်။ ကောင်မလေးအား လက်ပြ နှုတ်ဆက်ရင်းက သူ ဆုတောင်း နေမိသည့် အရာက သူ ချန်ထားခဲ့သည့် ဖုန်းနံပတ်သို့ ကောင်မလေး ဆက်သွယ် လာစေရန်သာ...

ထိုစဉ် ထိုအချိန်က အမြင် အာရုံထဲမှ ကောင်မလေး ပျောက်ကွယ် သွားမည်ကိုပင် သူ စိုးရိမ် လွန်းနေခဲ့သည်။ ထို မျက်နှာလေး ကိုပင် ထပ်ပြီး မြင်တွေ့ခွင့် ရချင် နေခဲ့သည်။ သို့သော် လက်ရှိ ယနေ့ အချိန်တွင် ကဲ့သို့ နေ့စဉ် ညတိုင်း မြင်တွေ့ခွင့် ရနေမည် ဆိုသည်ကိုမူကား သူ မမျှော်လင့် ရဲခဲ့သည်မှာ အမှန်ပင်။ ယခုကဲ့သို့ သွားအတူ၊ လာအတူ၊ အတူနေ လင်မယား ဘ၀သို့ ရောက်ရှိနေ ခဲ့မည်ကိုလည်း သူ စိတ်မကူး ရဲခဲ့သည်မှာ အမှန်ပင်။ မည်သို့ပင် ဆိုစေကာမူ ထိုခရီး၊ ထိုနေရာ၊ ထိုဒေသ၊ ထိုဟိုတယ်၊ ထိုသောင်ပြင်၊ ထိုပင်လယ် ရေလှိုင်းများသည် ၎င်းတို့ နှစ်ဦးအတွက် မည်သည့် အခါတွင်မှ မေ့ပျောက်၍ ရတော့မည် မဟုတ်သည့် အမှတ်တရ ကျောက်တိုင်လေး အဖြစ် ထာဝရ တည်ရှိ နေဦးမည်သာ ဖြစ်သည်။

(သူငယ်ချင်း မင်းဇော်အတွက် အမှတ်တရ)

Comments (6)

Subscribe to this comment's feed
...
0
စာရေးသူရော ဘယ်တော့လောက် အဲဒီလိုဘ၀ရောက်မှာလ
Myat W T , July 02, 2010
...
0
စာရေးသူရော ဘယ်တော့လောက် အဲဒီလိုဘ၀ ရမှာလဲ....
Myat W T , July 02, 2010
...
0
ဘာကိစ္စ ကိုမိုးကိုင်ဖြစ်တာ
sinpote , May 10, 2010
...
0
ကိုယ်အကြောင်းလဲ ရေးအုန်းလေ မိုးကိုင် အဲ မိုးဝေ ရေ :P
luki , April 15, 2010
...
0
တစ်နေ့နေ့မိုးဝေ အတွက် အမှတ်တရ နေ့များ ဖတ်လို့ရရင် ??????????
အဲဒီအချိန် ဘယ်တော့လဲ?????

အားလုံး မျှော်နေမယ်လို့ ထင်ပါတယ်......
pmo , April 08, 2010
...
0
ကိုမိုးကိုင်.. အဲလေ.. ကိုမိုးဝေရေ
အရေးအသားတွေ ကောင်းကောင်းလာပီ..
ခု လတ်တလော Beach Show လေး အကြောင်းရေးပါဦး.. ဓာတ်ပုံများ ဝေေ၀ဆာဆာလေးနဲ့လေ.. :D
ora , April 08, 2010

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday20
mod_vvisit_counterYesterday50
mod_vvisit_counterThis week20
mod_vvisit_counterThis month239
mod_vvisit_counterAll19652

Who's Online

We have 2 guests online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...