Latest Comments

မင်္ဂလာ ရှိသော နှစ်သစ် ဖြစ်ပါစေ

Share |
စည်းဝါးက ကိုက်သည်။ ကြိုတင်၍ အကတိုက် ထားခြင်း မရှိသော်လည်း ကကြိုးကကွက် များမှာ ဟန်ချက် ညီလှသည်။ သင်္ကြန် အတက်နေ့ နောက်ဆုံးနေ့ နောက်ဆုံး အချိန် ညဘက်ပိုင်းတွင် ရပ်ကွက်တွင်း တစ်နေရာ၌ သူတို့အဖွဲ့ သီချင်းသံ ကျယ်ကျယ်နှင့် အတူ အော်ဟစ် ကခုန် နေကြခြင်း ဖြစ်သည်။ တချို့ဆို အထက် အင်္ကျီပင် မပါ၊ ပုဆိုး ခါးတောင်းကြိုက်လျှက်။

ရွှဲရွှဲ စိုနေသည့် သူတို့ အကအဖွဲ့အား အခြား တစ်ဦးက ရေပိုက်ဖြင့် အဆက်မပြတ် ပက်ဖြန်း ပေးခြင်းဖြင့် ဆက်၍ ရွှဲရွှဲစိုနေ စေပြန်သည်။ ရပ်ကွက်သူ ရပ်ကွက်သား အပေါင်းတို့မှာ ထိုသူတစ်စု၏ ကခုန် အော်ဟစ်သံများအား စိတ်ဝင်တစားဖြင့် ၀ရန်တာ ကိုယ်စီမှ ထွက်ကြည့် ကြသည်။ သို့သော် တစ်နေကုန် ဆူညံ အော်ဟစ် ကခုန်နေခဲ့သည့် သူတို့အား ကြာတော့ စိတ်ကုန် လာကြသည်။ တချို့သော သူများကမူ ရံဖန်ရံခါမှ ခေါင်းများ ပြူထွက် လာကြကာ စူးစမ်းကြသည်။ သူတို့ အဖွဲ့မှာလည်း ရံဖန်ရံခါတွင် အသံများ ပိုပို၍ပင် ကျယ်လာခဲ့သည်။ သူတို့သည် သီချင်း တစ်ပုဒ်တည်းကိုသာ ဆက်တိုက် ဖွင့်ကာ လိုက်ပါ သီဆို ကခုန်နေကြခြင်း ဖြစ်သည်။ သီချင်းမှာကား "ဟာ သွားပြီ သွားပြီ အိုးလေးကွဲသွားပြီ" ဟူ၍။

ညနေ မှောင်စအချိန်က သူတို့ အဖွဲ့တွင် အယောက် ၂၀ကျော်ခန့် ရှိသည်။ အိုးမဲ လိုက်သုတ် နေသည်မို့ သူတို့ အဖွဲ့ထဲမှ ကောင်လေး တစ်ယောက်အား ပုခုံးဖက်ကာ စကားပြောယောင် ဆောင်၍ မမြင်အောင် ဖြတ်ကျော် ခဲ့ရသေးသည်။ ကံကောင်း၍ အိုးမဲ ဒဏ်မှ ကင်းလွတ်ခွင့် ရခဲ့သည်။

တစ်နေကုန် သောက်ထားသည့် ယမကာက ဇာတ်ရှိန် အမြင့်ဆုံး ရောက်စေရန် ကူညီပေးနေသည်။ ပက်ဖြန်းပေး နေသည့် ရေကြားထဲတွင် မိမိကိုယ်ကိုယ် ဟန်ချက် အနိုင်နိုင် ထိန်းနေရင်းကပင် တေးသွားအလိုက် ကခုန် နေနိုင်ဆဲ ဖြစ်သည်။  ရံဖန်ရံခါ လဲကျ သွားကြသည်။ လဲကျ သွားသူအား ယိမ်းထိုး နေသူက ဆွဲထူသည်။ တစ်ခါ ထခုန်ပြန်သည်။ ကျိုးနေအောင် ကပြန်သည်။

တစ်ချိန်တည်းတွင် သီချင်းသံ၊ အော်ဟစ်သံများအား နားမခံနိုင်၊ အိပ်မရနိုင် ဖြစ်နေသူ အပေါင်း တို့မှာလည်း သင်္ကြန်တွင်း ပုံမှန် လာနေသည့် လျှပ်စစ်မီးကိုပင် အပြစ်မြင်မိသည်လား မပြောတတ်။ မူးရင်းလူး၊ လူးရင်းမူးနေသည့် သူတို့ အဖွဲ့ကြောင့် "မီးသာ ပျက်လိုက်ပါတော့" ဟု ညည်းတွား သူများပင် ရှိပေသည်။

လမ်းသွား လမ်းလာ များအားလည်း အလွတ်မပေး။ အပြေးအလွှား အမိအရ ရေလောင်း ကြပြန်သည်။ ကလေးသူငယ် ကျားမ လူကြီးမရွေး မရမက လောင်းသည်။ သို့သော် ဗိုက်ကြီးသည် တစ်ဦးကိုမူ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ သည်ကိုလည်း တွေ့ရပြန်သည်။ သူတို့တတွေ နှစ်သစ်ကို အမှန်တကယ်ပင် လွတ်လပ်စွာ ကြိုဆို နေကြသည် မဟုတ်ပါလား။

x x x

သင်္ကြန်တွင်း ၄ရက်သည် ကုန်လွန် ခဲ့ပြန်ပြီ။ သင်္ကြန် ၄ရက်စလုံး မည်သို့မျှ မသွားဖြစ်ဘဲ နေ့ဘက်တွင် ရုံး၊ ညဘက်တွင် အိမ်၌သာ နေဖြစ်ခဲ့သည်။ နံနက်တိုင်း စောစောထ၍ အများသူငှါ ရေမပက်ခင် ရုံးသို့ အရောက်လာသည်။ တစ်နေကုန် စာအုပ်ဖတ်၊ အခွေကြည့်၊ အိပ်ငိုက်လာလျှင် အိပ်ပြီး အသင့် ၀ယ်ထားသည့် ခေါက်ဆွဲများ၊ မုန့်များ စားလိုက်၊ ကော်ဖီလေး သောက်လိုက်ဖြင့် ကုန်ဆုံး စေခဲ့သည်။ ညနေ ၆နာရီ ကျော်လွန်၍ မှောင်စ အချိန်ရောက်လျှင် အိမ်သို့ ပြန်သည်။

အကြိုနေ့နှင့် အကျနေ့များတွင် စာရေးဆရာ မောင်ပေါ်ထွန်း၏ "ကမ္ဘာရန်" ဘာသာပြန် ၀တ္ထု စာအုပ်ဖြင့် အချိန်ကုန် စေခဲ့သည်။ ဗြိတိန် စာရေးဆရာ Jeffrey Archer ၏ Kane and Abel ၀တ္ထုအား ဘာသာပြန်ဆို ထားခြင်း ဖြစ်ပြီး အရောင်းရဆုံး စာရင်း ၀င်ခဲ့သည့် ၎င်းစာအုပ်က လက်ကပင် မချနိုင်အောင် စွဲဆောင် ဖမ်းစား နိုင်ခဲ့သည်။ ထိုစာအုပ်မှာ ရေခြားမြေခြား အနေခြားကာ တစ်နေ့တည်း တစ်ချိန်တည်းတွင် မွေးဖွား လာခဲ့သူ နှစ်ဦး၏ ဘ၀ တစ်လျှောက် အချင်းချင်း ယှဉ်ပြိုင် တိုက်ခိုက် ခဲ့ကြပုံများအား အကောင်းဆုံး သရုပ်ဖော် ရေးသား ထားခဲ့သည့် ၀တ္ထုပင်။ မူလ စာရေးဆရာ၏ ကောင်းမွန်လှသည့် အရေး အဖွဲ့များကြောင့် လက်ကပင် မချနိုင်အောင် ဖြစ်ခဲ့ရပြီး တစ်ရက်ကျော် ကြာတွင်မှ ပြီးဆုံးခဲ့သည်။ ကမ္ဘာစစ်တွင်း အဖြစ်အပျက်များ၊ ဥရောပ နေရာအချို့မှ ဓလေ့များ၊ အမေရိကန် စီးပွားရေး၊ နိုင်ငံရေးနှင့် ပတ်သက်သည့် ဗဟုသုတ များနှင့် အချစ်အလွမ်း၊ ရသပေါင်း စုံလင်စွာ ပါဝင် နေသည်မို့ အချိန်ကုန်ခံ ဖတ်ရကျိုး နပ်လှပေသည်။

အကျနေ့ နေ့လည်နှင့် ညနေများတွင် အခွေများ ကြည့်သည်။ အိပ်သည်။ အကြတ်နေ့ မွန်းတည့် မတိုင်ခင်လည်း ထို့အတိုင်းပင် ခရီးဆက် နေခဲ့သည်။ လွတ်လပ် ပေါ့ပါးခြင်း အရသာအား နှစ်နှစ်ခြိုက်ခြိုက် ခံစား မိခဲ့သည်။ ဗလာနတ္ထိ ဖြစ်နေသည့် စိတ်ကူးများ ထဲသို့ တန်ဖိုးရှိသည့် အတွေးများ အသိများလည်း စီးဝင် လာခဲ့သည်ကို ခံစားရသည်။ သို့နှင့် အကြတ်နေ့ ညနေခင်းပိုင်းတွင် သတင်းဆိုး တစ်ခု ကြားသိ ခဲ့ရသည်။ ကန်တော်ကြီး မဏ္ဍပ်တစ်ခုတွင် ဗုံးပေါက်ကွဲသည် ဆိုခြင်း...။ စက်ဆုတ်ရွံရှာဖွယ် လုပ်ရပ်အား အဘယ်ကဲ့သို့ သူက ဖန်တီး လုပ်ဆောင်ခဲ့သည် မသိသော်လည်း အပြစ်မဲ့သည့် ပြည်သူအချို့ သေဆုံးခဲ့ရပြီး လူပေါင်း နှစ်ရာနီးပါး အထိ ထိခိုက် ဒဏ်ရာ ရခဲ့သည်။ တစ်ညနေခင်းလုံး ထိုသတင်းများ ဖြင့်သာ ကုန်ဆုံးခဲ့ပြီး သင်္ကြန် အတက်နေ့ နောက်ဆုံးနေ့ကို ရောက်လာ ခဲ့ပြန်သည်။

အခြားနေ့ များနှင့် မည်သို့မျှ မထူးသည့် ထိုနေ့တွင်လည်း တစ်နေကုန် ရုံးတွင် ကုန်ဆုံး စေခဲ့ပြီးနောက် ညနေ ၆နာရီခွဲ အချိန်တွင် အိမ်သို့ ပြန်ခဲ့သည်။ သင်္ကြန်ရေ ဆိုသည်မှာ ဘာမှန်းပင် မသိသေးဘဲ အပြန်ခရီး တွင်လည်း လှည်းတန်း ထိပ် ရုံးခန်း တည်ရှိရာ အနော်ရထာ အိမ်ယာမှ လှည်းတန်း ဈေးရှေ့ထိ ရေပက် မခံခဲ့ရ။ အ၀တ်အိတ်ကို ဘေးသိုင်းလွယ်ကာ လှည်းတန်း လမ်းမတစ်လျှောက် ဟိုဘက်ကူးလိုက် ဒီဘက် ကူးလိုက်နှင့် အဆင်ပြေနေဆဲ။ သို့သော် အတက်နေ့ နောက်ဆုံးနေ့ ဖြစ်သည်မို့ ခါတိုင်း နေ့များကဲ့သို့ မဟုတ်ဘဲ မှောင်သည်အထိ ရေကစားသူများ အများအပြား တွေ့ရသည်။ ရေပက်သူများနှင့် မမျှော်လင့်ဘဲ ထိပ်တိုက် တိုးတိုင်း ခပ်တည်တည်နှင့် ဖြတ်လျှောက်ရ ပြန်သည်။ ကံကောင်းသည် ဆိုရမည်။ ယခုတိုင် ရေမထိသေး။ သည်လိုနှင့် လှည်းတန်းဈေး အကျော်တွင် လမ်း နှစ်ဘက် စလုံးတွင် ရေပက်သူများ ရှိနေသည်ကို သတိ ထားမိသည်။ "'ဒီတစ်ခါတော့ မဟန်ပြီ" ဟု စိတ်ထဲ တွေးရင်း ထုံးစံအတိုင်း မှင်သေသေဖြင့် ဖြတ်လျှောက်ရန် ကြိုးပမ်းခဲ့သည်။

အချိန်က နေ၀င်ပြီး၍ မှောင်အတိ ဖြစ်လုဖြစ်ခင်။ သူတို့ အဖွဲ့သည် စုစုပေါင်း ၈ယောက်ခန့် ရှိသည်။ သို့နှင့် မည်သူ့ကိုမှ မျက်လုံးချင်း မဆိုင်မိစေဘဲ စတင်၍ ဖြတ်လျှောက်ခဲ့သည်။ ပထမဆုံး တစ်ယောက်က ဖြတ်လျှောက်သည်ကိုပင် မသိလိုက်ရှာ။ ဒုတိယ တစ်ယောက်က ရေလောင်းရန်ပင် သတိမရ၊ ရေခွက်ကို လက်ထဲ ကိုင်ကာ ကြောင်ကြည့် ကြည့်ကာ ကျန်ခဲ့သည်။ တတိယနှင့် စတုတ္ထ သူများမှာ လမ်းပေါ်သို့ ပြေးထွက် သွားကြသည်။ ကြည့်လိုက်တော့ ရေပက်ခံကား လာသည်ကို အပြေး သွားပက်ခြင်း ဖြစ်သည်။ "မဆိုးဘူးပဲ ၂ယောက်ပဲ ကျန်ပြီ" ဟု စိတ်ထဲ ကြိတ်တွေး မိလိုက်သေးသည်။ ပဉ္စမ တစ်ယောက် အရှေ့ ဖြတ်လျှောက်တော့ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားသည်။ မှန်ပေသည်။ အရှေ့မှ မှင်သေသေဖြင့် ရေမစိုသေးဘဲ ဖြတ်လျှောက် သွားသူအား သူ သတိပြုမိ သွားလေပြီ။ သူသည် တွေဝေနေခြင်း၊ တုံ့ဆိုင်း နေခြင်း အလျှင်းမရှိ။ ချက်ချင်းပင် ရှေ့သို့ ခြေတစ်လှမ်း လှမ်း၍ လည်ကုတ်ပေါ်မှ အားရပါးရ လောင်းချ လိုက်လေသည်။ အေးမြခြင်း၊ စိုစွတ်ခြင်းနှင့် အတူ စိမ့်ခနဲ ဖြစ်သွားပြီးနောက် ကျန် လမ်းတစ်လျှောက်လုံး ဆက်တိုက်ပင် အလောင်းခံရ တော့သည်။

ရေအစို မခံချင်၍ မဟုတ်သည့်တိုင် ပျော်စရာ တစ်ခု အနေဖြင့် ကွေ့ပတ် ရှောင်ရှားကာ ကြိုးစား နေခဲ့ခြင်း ဖြစ်ပြီး ထို နောက်ဆုံးသော သင်္ကြန်ရေများ စိုစွတ်ခဲ့ပြီး အချိန်တွင်မူ နှစ်ဟောင်းတွင် ကြုံတွေ့ ခဲ့ရသည့် အခက်အခဲများ၊ မအောင်မြင်မှုများ၊ အတားအဆီးများ၊ အထီးကျန် ဆန်မှုများ၊ နာကျင်ခံစား ခဲ့ရမှုများ အားလုံးသော ညစ်နွမ်းစေသည့် အရာမှန်သမျှ ဆေးကြောပစ် နိုင်ပါစေဟုပင် ဆုတောင်း ခဲ့မိသည်။

မင်္ဂလာ ရှိသော နှစ်သစ်တွင် အားလုံး စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့ နိုင်ကြပါစေ...

Comments (5)

Subscribe to this comment's feed
...
0
တကိုယ်တော် ပြင်းစရာ သင်္ကြန်ကြီးပေါ့ ...

သနားစရာလေး .. ဟီဟိ ..
paradise , May 04, 2010
...
0
Happy New Year par a ko ;)
BaeOu , April 25, 2010
...
0
ငါ့အကို ဘီယာလေး ဘာလေးတောင် မသောက်ဖြစ်လိုက်ဘူး
wai lynn , April 22, 2010
...
0
happy myanmar new year ပါ ဗွမ်း!!!
win htut , April 21, 2010
...
0
Happy Myanmar New Year My Friend (Lu Pyo Gyee).
I don't want to call like this next year.
Try quickly...
Cheer...
:)
Myo Min Oo , April 18, 2010 | url

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday14
mod_vvisit_counterYesterday50
mod_vvisit_counterThis week14
mod_vvisit_counterThis month233
mod_vvisit_counterAll19646

Who's Online

We have 1 guest online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...