Latest Comments

မမေ့နိုင်ဖွယ် ဘောလုံး အမှတ်တရများ

Share |

သိပ်မကြာခင် ရက်ပိုင်း အတွင်းမှာ ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို တောင် အာဖရိကမှာ စတင် ကျင်းပ တော့မှာပါ။ ထုံးစံ အတိုင်းပါပဲ၊ ကမ္ဘာ့ဖလား ပြိုင်ပွဲ နီးလာလေလေ ဘောလုံးချစ် ပရိသတ်တွေ ကလည်း တလှုပ်လှုပ် တရွရွ ဖြစ်လာ လေလေပါပဲ။ ဂျာနယ်တွေ ကလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲ အကြောင်းတွေကို အသားပေး ရေးနေကြ သလို ကမ္ဘာ့ဖလား လမ်းညွှန် စာအုပ်တွေ ကိုလည်း ပုံစံ အမျိုးမျိုးနဲ့ ထုတ်ဝေ နေတဲ့ သူတွေလည်း အများအပြား ပါပဲ။ ထုတ်ကုန် ပစ္စည်းတွေကလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲ ကြီးနဲ့ အတူ အရောင်းမြှင့်တင်ဖို့ ကြိုးစား နေတာမို့ နေရာတကာ ကမ္ဘာ့ဖလား ပုံရိပ်တွေက လွှမ်းမိုး လာပါတော့တယ်။ ဒီအချိန်မှာ တစ်နိုင်ငံလုံးက ဘောလုံး ပရိသတ်ကြီး အတွက် ပြည်တွင်း ရုပ်သံလိုင်းတွေက အခမဲ့ ပြသပေးမှာ ဖြစ်တာကြောင့် ဘောလုံးပွဲ ကြည့်ရှုနိုင်ဖို့ အင်တာနာ ၀ယ်သူဝယ်၊ စလောင်း တပ်သူတပ်နဲ့ တော်တော်လေးကို ဂယက် ထနေခဲ့ပါတယ်။ အခုလည်း ကြည့်လေ၊ ကျွန်တော် ကိုယ်တိုင် မြ၀တီ ရုပ်သံမိဖို့ အင်တာနာ ၀ယ်ဖို့ လုပ်နေရပြီလေ။ ကမ္ဘာ့ဖလားဟာ ကမ္ဘာ့ဖလား ပါပဲလားနော်...



၉၄ ကမ္ဘာ့ဖလားနဲ့ မာရာဒိုနာ

ကမ္ဘာ့ဖလားကို ကျွန်တော် စကြည့် ဖြစ်ခဲ့တာက ၁၉၉၄ ကမ္ဘာ့ဖလားပါ။ မာရာဒိုနာ ဆိုတဲ့ ဘောလုံး သူရဲကောင်း ပါတဲ့ အာဂျင်တီးနား အသင်းကို စောင့်ကြည့် ခဲ့တာပါ။ ကျွန်တော့် အသက် တော်တော် ငယ်ဦးမယ် ထင်ပါတယ်။ အဲ့ဒီတုန်းက ကော့သောင်းမှာပါ။ တခြား အသင်းတွေ ဘာမှ မသိဘဲ မာရာဒိုနာ ကိုပဲ အားပေးခဲ့ တာပေါ့။ မာရာဒိုနာဟာ ဘယ်လို တားဆီးမှုမျိုး ကိုမှ မမှုဘဲ ကျော်ဖြတ် နိုင်တယ် ဆိုတဲ့ စကားသံတွေက ကျွန်တော်တို့လို ကလေးတွေကိုပါ အလုံးအရင်းနဲ့ လွှမ်းမိုး ခဲ့ပုံ ရပါတယ်။ ဒါပေမယ့် မာရာဒိုနာ ဆေးသုံးလို့ ပွဲပယ် ခံလိုက်ရတာကြောင့် အာဂျင်တီးနား အသင်းဟာ ဘာမှ ဖြစ်မလာ ခဲ့ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း မာရာဒိုနာ ကစားတာကို ၀အောင် ကြည့်ခွင့် မရလိုက်ပါဘူး။ ကျွန်တော် မှတ်မိ ပါသေးတယ်။ ၉၄ ကမ္ဘာ့ဖလားကို စိတ်ဝင်စားတာက ကျွန်တော့်ရဲ့ ဘောလုံး ပြိုင်ပွဲ အပေါ် ဒုတိယမြောက် စိတ်ဝင်စားခြင်း ဖြစ်ပါလိမ့်မယ်။

မြန်မာ့ ဘောလုံး ငွေခေတ်

ဘောလုံး ဆိုတာကို ပထမဆုံး ခုံမင်ခဲ့တာက ၉၃ ဆီးဂိမ်းမှာပါ။ မြန်မာတွေ ဖိုင်နယ် တက်သွားတာကို အင်တိုက်အားတိုက် တီဗီရှေ့က အားပေး ခဲ့ရသူပေါ့။ ဒါပေမယ့် ဖိုင်နယ်မှာ ရှုံးနိမ့် ခဲ့တာကြောင့် ရွှေနဲ့ ဝေးခဲ့ရ သလို ၉၅ ဆီးဂိမ်းကို အမျှော်လင့်ကြီး မျှော်လင့် ခဲ့ဖူးပါတယ်။ အဲ့ဒီ ၉၅ ပြိုင်ပွဲဝင် မြန်မာ အသင်းဟာ ကျွန်တော် မီခဲ့သမျှ အသင်းတွေ အားလုံးထဲမှာ အကောင်းဆုံး အသင်းလို့တောင် ပြောချင်ပါတယ်။ ဂိုးသမားက အစ ဟိုး တိုက်စစ်အထိ တစ်ဦးချင်း ထူးချွန်တဲ့ သူတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးရဲ့ မျှော်လင့်ချက်က အဲ့ဒီတုန်းက ဂိုးသမားရဲ့ မဆင်ခြင်တဲ့ အမှား တစ်ခုကြောင့် အားလုံး သဲထဲ ရေသွန် ဖြစ်ခဲ့ ရပါတယ်။ အခုထက်ထိ မမေ့သေးတဲ့ ပုံရိပ်တွေမှာ ဘယ်သူက အဓိက တရားခံလဲ ပြန်မပြော ချင်ပေမယ့်လည်း ဒီနေ့ထိတိုင် မမေ့သေးဘူး ဆိုတာကလည်း အမှန်ပါပဲ။

မိုက်ကယ် အိုဝင်နဲ့ အင်္ဂလန်

ဒီလိုနဲ့ ၉၆ ယူရို ပြိုင်ပွဲကြီးကို ရောက်လာ ပြန်ပါတယ်။ ဒါပေမယ့် ဘယ် အသင်းရယ်လို့ မဟုတ်ဘဲ စမ်းတ၀ါးဝါးပဲ အားပေး ခဲ့တာပါ။ ဒါပေမယ့် ဗိုလ်လုပွဲကို ရောက်လာတဲ့ အချိန်မှာ ကျွန်တော်က ချက် အသင်းရဲ့ ပရိသတ် ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဂျာမနီ ဗိုလ်စွဲ သွားတဲ့ အဲ့ဒီပြိုင်ပွဲ ကြီးကတော့ သိပ်ပြီး အမှတ်ရစရာ မရှိခဲ့ပါဘူး။ သူ့ထက်စာရင် ၉၈ ကမ္ဘာ့ဖလားကို ကျွန်တော် ပိုပြီး စိတ်ဝင်စား ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်က ကြိုးကြာနီ သူရဲကောင်းလေး မိုက်ကယ် အိုဝင်ကို အားပေး ခဲ့ရတာ အမောပါပဲ။ အာဂျင်တီးနားနဲ့ ပွဲမှာ မှော်ခြေစွမ်းနဲ့ တစ်ဂိုး သွင်းပြ လိုက်တာကလည်း မမေ့နိုင် လောက်အောင် ပါပဲ။ အဲ့ဒီ ၉၈ ကမ္ဘာ့ဖလား ကိုတော့ အိုဝင် ကောင်းမှုနဲ့ အင်္ဂလန် ပရိသတ် ဖြစ်လာ ခဲ့ပါတယ်။ ဒိုင်လူကြီးရဲ့ အံ့သြဖွယ် ဆုံးဖြတ်ချက် တွေကြောင့် ပင်နယ်တီနဲ့ အာဂျင်တီးနားကို ရှုံးနိမ့် ထွက်ခွါ ခဲ့ပါတယ်။ ပြင်သစ် ဗိုလ်စွဲ သွားတဲ့ အဲ့ဒီ ပြိုင်ပွဲကြီးရဲ့ နောက်ပိုင်း ပွဲစဉ်တွေ အပေါ်မှာတော့ အသင်းစွဲ မပါဘဲနဲ့ ဆက် အားပေး ဖြစ်ခဲ့ ပါသေးတယ်။

လီဗာပူးလ်ရဲ့ ဖလား ၃လုံး

၂၀၀၁ ခုနှစ်ကတော့ ကျွန်တော့် အတွက် မေ့မရ နိုင်တဲ့ နှစ်တစ်နှစ်ပေါ့။ ကျွန်တော်တင် မကပါဘူး။ ကျွန်တော့်လို လီဗာပူးလ် ဖန်တွေ အကုန်လုံးလည်း သတိတရ ရှိနေမှာပါ။ အဲ့ဒီနှစ်က ဖလား ၃လုံး ရခဲ့တဲ့ အသင်းရဲ့ အောင်မြင်မှုနဲ့ အတူ ကျွန်တော်တို့ အားလုံး ပျော်ရွှင် ခုံမင် ခဲ့ရတာပါ။ ထူးထူးခြားခြား သတိရ နေတာက အာဆင်နယ်က ဦးဆောင်ဂိုး သွင်းထားတဲ့ အချိန်မှာ အိုဝင်ရဲ့ နောက်ကျ ဂိုးတွေကြောင့် မမျှော်လင့်ဘဲ ဖလား ရခဲ့တဲ့ အချိန်၊ အဲ့ဒီ အချိန်က အမျိုးတွေနဲ့ အတူ ရန်ကင်း အိမ်မှာ အတူ ကြည့်ခဲ့ကြချိန်၊ အသင်း နိုင်လို့ မျက်ရည် ကျလုမတတ် ပျော်ရွှင် ခဲ့ရချိန်တွေ ကိုပါ အားလုံး အတူတူ မှတ်မိနေဆဲပါ။ နောက်ပြီး အလာဗက်စ်ကို အချိန်ပို ဂိုးနဲ့ နိုင်ပြီး ဗိုလ်စွဲခဲ့တဲ့ ပွဲကိုလည်း ကြည်မြင့်တိုင်က အသိ မိတ်ဆွေ တစ်ယောက် အိမ်မှာ ညဥ့်နက် သန်းခေါင်ကြီး သွား အားပေး ခဲ့တာကိုလည်း မှတ်မိ နေဆဲပါ။ ကျွန်တော်တို့ ပရိသတ်တွေ ပျော်ခဲ့ရတဲ့ နှစ်တစ်နှစ်ပေါ့ဗျာ။

၂၀၀၂ ကမ္ဘာ့ဖလားနဲ့ ဘုန်းကြီး ပေးခဲ့တဲ့ အမှတ်တရ

၂၀၀၂ ကမ္ဘာ့ဖလား ရောက်လာတော့ အင်္ဂလန် ပရိသတ် ဖြစ်နေခဲ့ ပါပြီ။ အာဂျင်တီးနားကို အုပ်စု အဆင့်မှာ အနိုင်ရခဲ့တဲ့ အင်္ဂလန် အသင်းကို အားပေးရင်း ကွာတားမှာ ဘရာဇီးလ်နဲ့ ထိပ်တိုက် တွေ့ရ ပါတော့တယ်။ ကျွန်တော် ကွက်ပြီး မှတ်မိ နေပါသေးတယ်။ အာရှမှာ ကန်တာ ဆိုတော့ အချိန် ကွာဟမှုက သိပ်မကြီးလို့ ကျွန်တော်တို့ တတွေ ညနေခင်းပိုင်း တွေမှာ ကြည့်ခွင့် ရခဲ့ပါတယ်။ ဘရာဇီးလ်နဲ့ အင်္ဂလန် ကန်တဲ့ နေ့က ကျွန်တော့်ရဲ့ မဟာ သူငယ်ချင်းကြီး ဘုန်းကြီး ၀တ်တဲ့ နေ့ပေါ့။ ဒါကြောင့် နယ်ကို ရောက်နေ ခဲ့ပါတယ်။

ပွဲချိန်နဲ့ သူ ဘုန်းကြီး ၀တ်လို့ သိမ်ဆင်းပြီးမယ့် အချိန်က သီသီလေး ငြိနေတယ်လေ။ ကျွန်တော့် တာဝန်က သိမ်တက် ကြွပေးတဲ့ ဘုန်းကြီးနဲ့ တချို့ လူတွေ ခေါ်ပြီး အိမ်ပြန်ရမှာ။ အမှန်တော့ အဲ့ဒီ အချိန်မှာ အင်္ဂလန် - ဘရာဇီးလ် ဆိုတဲ့ အစွဲက ကျွန်တော် တစ်ယောက်တည်း ကပ်စွဲနေတာ မဟုတ်ပါဘူး။ ဘုန်းကြီးလည်း အတူတူပါပဲ။ ဒီလိုနဲ့ ဘုန်းကြီးကျောင်းရှေ့ ရောက်တော့ "ရောက်ပြီ ဒကာ" ဆိုတာနဲ့ ရပ်ပေး လိုက်တာပေါ့။ ဒီလိုနဲ့ ဘုန်းကြီးတွေ အောက်ကိုလည်း ဆင်းရော ပြဿနာက စပါလေရော။ နောက်က ပါလာတဲ့ ဆိုက်ကားက ကားကို ကျော်အတက် ဘုန်းကြီးက တံခါးကို အဖွင့်၊ တိုက်ဆိုင် လိုက်ပုံက ကားတံခါ လိမ်သွား ပါလေရော။ အဲ့ဒီနေ့က ကိုယ့်အပြစ်လား၊ ဘယ်သူ့ အပြစ်လဲ စဉ်းစားရင်း အင်္ဂလန်ကို အားပေးလိုက်တာ။ အိုဝင်ရဲ့ ဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့် ဘရာဇီးလ်က ၂ဂိုး ပြန်သွင်း ခဲ့တယ်လေ။ ပြောရရင် အဲ့ဒီပွဲမှာ ရော်နယ်လ်ဒင်ဟို ကြက်ကန်းဆန်အိုး တိုးတဲ့ ဂိုးနဲ့ ဘရာဇီးလ်က အနိုင်ရခဲ့ တယ်လို့ ကျွန်တော် ယုံကြည် ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်း ရော်နယ်လ်ဒင်ဟို ပြခဲ့တဲ့ ခြေစွမ်းကြောင့် ကျွန်တော် အဲ့ဒီ ယုံကြည်မှု အပေါ် ပြန်ပြီး သံသယ ၀င်ခဲ့ ရပါတယ်။ ရော်နယ်လ်ဒင်ဟို ဆိုတာက ချယ်လ်ဆီး ဘက်ကို အားလုံး ငုတ်တုတ် မေ့လောက်အောင် မှင်သက် သွားလောက်အောင် မှော်အစွမ်းနဲ့ ဂိုးတစ်ဂိုး သွင်းပြဖူးသူ ပဲလေ။

သုဝဏ္ဏ ခြံစည်းရိုး ပေါ်က ကျွန်တော်

၂၀၀၂ ကမ္ဘာ့ဖလား ပြီးတဲ့ အချိန်မှာ ကျွန်တော် ရူးသွပ်ခဲ့တဲ့ ပြိုင်ပွဲကတော့ ၂၀၀၃ ခုနှစ်က ရန်ကုန်မှာ လုပ်ခဲ့တဲ့ အသက် ၁၈နှစ်အောက် အရှေ့တောင် အာရှ လူငယ် ဘောလုံးပွဲ ပါပဲ။ သုဝဏ္ဏမှာ ကစားခဲ့တဲ့ ထိုင်းနဲ့ မြန်မာ လူငယ်လေးတွေ ပွဲကို ကျွန်တော်တို့ အရောက် သွားခဲ့ပါတယ်။ ရောက်သွားတဲ့ အချိန်က ၁နာရီသာ ရှိသေး ပေမယ့် ကွင်းတစ်ကွင်းလုံး ပြည့်လုနီးနီး ဖြစ်နေပြီး တိုးမပေါက် လောက်အောင် ဖြစ်နေခဲ့ပါတယ်။ လက်မှတ် ၀ယ်ဖို့ တန်းစီပေမယ့်လည်း ရောင်းမယ့်သူက မရှိ၊ လက်မှတ် ကိုင်ထား ပေမယ့်လည်း ၀င်ခွင့် မရသူတွေက အများအပြား၊ ဘယ်လိုမှ စဉ်းစား မရအောင် အကျပ်အတည်း ကြုံနေချိန်မှာ ကျွန်တော် တို့နဲ့ အတူ လာခဲ့တဲ့ အစ်ကိုကြီးတွေက "လာခဲ့ ဟိုဘက်က ပတ်ဝင်မယ်" ဆိုတာနဲ့ ကျွန်တော်ရယ် အစ်ကို အကြီးဆုံးရယ် လိုက်သွား ခဲ့ပါတယ်။ ကျွန်တော်တို့ သွားတာ စုစုပေါင်း ၅ယောက်လို့ ထင်ပါတယ်။ သိပ်မကြာ လိုက်ပါဘူး ကျွန်တော်တို့ ရှေ့က အစ်ကိုကြီး တွေက ၁၀ပေ ထက်မက မြင့်တဲ့ ခြံစည်းရိုးကို ကျော်တက် ကြပါတော့တယ်။

ရင်ထဲမှာ ဘာတွေ ဖြစ်သွားလဲ ဆိုတာ မပြောတော့ပါဘူး။ အခု ဒီစာကို ပြန်ရေးတဲ့ အချိန်မှာတောင် ရင်တွေ ပြန်ခုန်လာတာ သိသာ လွန်းပါတယ်။ ဒီလိုနဲ့ ဘောလုံးပွဲ ကြည့်ချင်ဇော၊ ကိုယ်ပဲ လှည့်ပြန်ရမှာ ကြောက်တဲ့စိတ်၊ ဘာလုပ်ရမှန်း မသိတဲ့ ဇဝေဇ၀ါ အတွေး တွေနဲ့ အတူ ကျွန်တော် ခြံစည်းရိုးပေါ် ရောက်သွား ပါတော့တယ်။ ကျွန်တော် အပေါ် ရောက်တော့ ကျွန်တော့် အစ်ကိုလည်း လိုက်တက်ပါတယ်။ ဒီအချိန်မှာ ပြဿာနာက စတက် တော့တာပါပဲ။

ရဲတွေက ရောက်လာပြီး "ဟေ့ဟေ့ ပြန်ဆင်းကြ ပြန်ဆင်းကြ" လာအော် ပါတော့တယ်။ ကြည့်လိုက်တော့မှ ဟုတ်ပေသား။ ကျွန်တော်တို့လို ကျော်တက် နေတဲ့သူတွေက အများကြီး ဖြစ်နေတာကိုး။ ကျွန်တော်က အပေါ် ရောက်ပြီ ဆိုတော့ မထူးဘူးလေ။ ကျွန်တော့် အစ်ကိုက တက်ခါစ ရဲက သူ့ဘေးကို ရောက်လာတယ်။ ဒါပေမယ့် နောက်ဆုံး သူလည်း မရမက လိုက်တက် လာပြီး ခြံကို ကျော်နိုင် ခဲ့ကြတယ်။ ဒီလိုနဲ့ ကွင်းထဲ ရောက်သွားတယ် ထင်လား။ မဟုတ်ပါဘူး။ ကျွန်တော်တို့ အတွက် နောက်ထပ် အတားအဆီး တစ်ခု ရှိနေ ပါသေးတယ်။

ခြံ အတွင်းမှာ ၆ပေ လောက် ကျယ်တဲ့ မြောင်းကြီးက စောင့်ကြို နေပါသေးတယ်။ ရေနဲ့ မြက်ပင်တွေ ရောနေတာမို့ ဘယ်လောက် နက်မှန်းလည်း မသိ ခုန်ကျော်လို့ ကလည်း မလွတ်ပြန်တော့ မရဲတရဲနဲ့ အလှမ်း ကျဲကျဲပဲ လှမ်းချ လိုက်ပါတယ်။ ရေထဲကို (တကယ်တော့ ရွှံ့တွေပါ) ရောက်သွားတဲ့ ခြေထောက်က ပေါင်ရင်းလောက် နီးနီး ပါပဲ။ ကျန်တဲ့ တစ်ဖက်ကို မရမက ဟိုဘက် ဘောင်ပေါ် ရောက်အောင် တင်ပြီး ကုတ်ဖဲ့ တက်ရ ပြန်ပါတယ်။ ဒီလိုနဲ့ ဟိုဘက်ကမ်း ရောက်တော့ (ဒီနေရာမှာ ဟိုဘက်ကမ်းလို့ သုံးတာ ကျွန်တော် လွန်မယ် မထင်ပါဘူး) တစ်ဖက်က ရွှံ့တွေ၊ တစ်ဖက်က အကောင်းတိုင်း ပကတိ။ အများသုံး အိမ်သာထဲသွား သူများတွေ လုပ်သလိုပဲ ပေကျံနေတဲ့ ခြေထောက် တစ်ဖက်ကို ရေဆေး ခဲ့ရပါတယ်။

ဒီလိုနဲ့ ပထမဆုံး အကြိမ် အဖြစ် သုဝဏ္ဏ ကွင်းရဲ့ ရိုးရိုးတန်းမှာ ကျွန်တော် ပရိသတ် လုပ်ခဲ့ရ ဖူးပါတယ်။ ကျွန်တော်တို့ဟာ တရားမ၀င် ပရိသတ် ဖြစ်ခဲ့ပြီး အဲ့ဒီပွဲက ပရိသတ် များလွန်း အားကြီးလို့ မထိန်းနိုင်ဘဲ ကွင်းဘေးကိုပါ အားလုံး ရောက်ကုန် ပါတော့တယ်။ ကွင်းထဲလူတွေ အရမ်း များနေတော့ ထိုင်း အသင်းကလည်း ကစားဖို့ ငြင်းဆန် ပါတော့တယ်။ ဒီမှာ အပေါ်က ပရိသတ်နဲ့ အထဲက ပရိသတ် အချင်းများ ကြပါသေးတယ်။ ပွဲလည်း တော်တော်လေး နောက်ကျမှ ကန်ဖြစ်ခဲ့ပြီး အဲ့ဒီပွဲမှာ မြန်မာ လူငယ်လေးတွေ ခြေစွမ်းပြ အနိုင်ရခဲ့ တာကြောင့် အားလုံး ပျော်ပျော်ရွှင်ရွှင်ပဲ ပြီးဆုံး ခဲ့ပါတယ်။ မြန်မာ လူငယ် အသင်းဟာ အဲ့ဒီ ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒီလိုပါပဲ မြန်မာ လူငယ်တွေ ချန်ပီယံ ဖြစ်တာနဲ့ အတူ ခြံကျော်ပြီး ၀င်ခဲ့ရဖူးတဲ့ ကိုယ့်အဖြစ် ကိုယ်လည်း မေ့ပျောက် ပစ်လို့ မရတော့ပါဘူး။

ရော်နယ်လ်ဒို ပေးခဲ့တဲ့ ရွန်နီ အတွက် အိပ်မက်ဆိုး

ယူရို ၂၀၀၄ ပြိုင်ပွဲမှာလည်း ကျွန်တော်က အင်္ဂလန် ပရိသတ်ပါ။ ဒါပေမယ့် ရှုံးထွက် အဆင့်မှာ ပေါ်တူဂီကို အိုဝင်ရဲ့ ဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ မူယာမာယာ တွေကြားမှာ ရွန်နီ ဓားစာခံ ဖြစ်ခဲ့ပြီး အင်္ဂလန်လည်း ပင်နယ်တီနဲ့ တစ်ခါ ရှုံးနိမ့် ထွက်ခွါ ခဲ့ရ ပြန်ပါတယ်။ အဲ့ဒီတုန်းက ရွန်နီ ဘယ်လို ခံစား ရမလဲ ကျွန်တော် မသိပေမယ့် ကျွန်တော်တို့ အင်္ဂလန် ပရိသတ်တွေ ကတော့ ကြိတ်မနိုင် ခဲမရ ဖြစ်ခဲ့ရပါတယ်။ အဆုံးမှာတော့ မထင်မှတ်ဘဲ အသင်းငယ် ဂရိတို့ အိမ်ရှင် ပေါ်တူဂီကို ကျော်ဖြတ်ပြီး ဗိုလ်စွဲ ခဲ့တာကြောင့် အားလုံး အံ့အားသင့် ခဲ့ရတဲ့ ပြိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

အစ္စတန်ဘူလ် ညရဲ့ အောင်ပွဲ

၂၀၀၅ရဲ့ ဥရောပ ချန်ပီယံ လီဗာပူးလ် အကြောင်းကတော့ ရေးရရင် ဆုံးမှာ မဟုတ်တော့ ပါဘူး။ အကုန်လုံးကို သတိတရ ရှိနေဆဲပါ။ အထူးသဖြင့် အိုလံပီယာကို့စ်ကို ဂျရတ်ရဲ့ နောက်ကျ အဆုံးအဖြတ် ဂိုးနဲ့ ကျော်ဖြတ် နိုင်ခဲ့တဲ့ ပွဲကို မေ့မရ နိုင်အောင် ပါပဲ။ အစ္စတန်ဘူလ် ညရဲ့ ပထမ ၄၅မိနစ် အပြီးမှာတော့ အိမ်မှာ အတူ ကြည့်နေကြတဲ့ သူတချို့ တပ်ခေါက် သွားကြ ပါတော့တယ်။ အေစီမီလန်ဟာ လီဗာပူးလ် အတွက် မယှဉ် နိုင်လောက်တဲ့ အင်အားစုလို့ မှတ်ချက်ပေးရင်း ကျွန်တော့် အဖေလည်း ၀င်အိပ် သွားပါတော့တယ်။

ဒီလိုနဲ့ ၃ဂိုးပြတ် ရှုံးနေခဲ့တဲ့ လီဗာပူးလ်ဟာ ဒုတိယပိုင်း တစ်ဂိုးစီ သွင်းယူရင်း ၃ဂိုးစီ သရေ ပြန်ဖြစ် လာခဲ့ပါတယ်။ ၀င်အိပ် သွားတဲ့ အဖေလည်း အပြင်ကို ပြန်ရောက် လာပါတယ်။ (ကျွန်တော် မှတ်မိပါ သေးတယ်။ ကျွန်တော်တို့ တိုက်ခန်းလေးမှာ အတူတူ လာကြည့်တဲ့ အထဲမှာ အပေါ် မျက်နှာကျက်မှာ တပ်ထားတဲ့ မီးဆိုင်းလေးကို ထိအောင် ထခုန်ပြီး အောင်ပွဲ ခံတတ်တဲ့ သူငယ်ချင်းလည်း ပါတယ် ဆိုတာပေါ့။ ဒီလိုပဲလေ။ ဘောလုံးပွဲဆို သူငယ်ချင်းတွေ ပုံမှန် လာလာ ကြည့်ကြတယ်။ တစ်ခါတလေ ဖဲရိုက်တယ်။ တစ်ခါတလေ ညဥ့်နက် သန်းခေါင်း လက်ဖက်ရည်ဆိုင် သွားကြတယ်။ ဒါက ကျွန်တော်တို့ ပြန်မရ နိုင်တော့တဲ့ အတိတ်က နေ့ရက်တွေပေါ့။)

အသင်း ခေါင်းဆောင် ဂျရတ်ရဲ့ ဦးဆောင်မှုနဲ့ အတူ ဒူးဒက်ရဲ့ အံ့အားသင့်ဖွယ် ကာကွယ် မှုတွေရဲ့ အဆုံးမှာတော့ လီဗာပူးလ်တွေ ၅ကြိမ်မြောက် ချန်ပီယံ ဖြစ်ခွင့် ရခဲ့ပါ တော့တယ်။ အဲ့ဒီ အချိန်က ခံစားရတဲ့ ခံစားချက်၊ ပျော်ရွှင် ကျေနပ် ရမှုတွေ ကတော့ အတိုင်း အထက် အလွန်ပါပဲ ဆိုတာ ပြောနေဖို့တောင် မလိုပါဘူး။ အရိုးသားဆုံး ၀န်ခံရမယ် ဆိုရင် ဒါဟာ လီဗာပူးလ် အသင်းကို အားပေး ခဲ့ရသမျှ ကာလ တစ်လျှောက်လုံးမှာ အကြီးမားဆုံး အောင်မြင်မှု တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

အဲ့ဒီ နောက်ပိုင်းမှာ ကျွန်တော့် အနေနဲ့ ထူးထူးခြားခြား အမှတ်တရ မရှိတော့ ပေမယ့် ပြီးဆုံး သွားခဲ့တဲ့ ဘောလုံး ရာသီမှာ ထူးခြားတဲ့ ဖြစ်စဉ် တစ်ခုကို ကြုံခဲ့ရပါ သေးတယ်။ ဆန်ဒါးလန်း အသင်းက ဒါရင်ဘန့် ကန်သွင်းတဲ့ ဘောလုံးဟာ ဂိုး အရှေ့မှာ ရောက်နေတဲ့ ကမ်းခြေ ဘောလုံးနဲ့ထိ လမ်းကြောင်းပြောင်း ၀င်သွားပေမယ့် ဒိုင်ဖြစ်သူက ခပ်ကြောင်ကြောင်နဲ့ ဂိုးပေး လိုက်ပါတယ်။ အဲ့ဒီပွဲမှာ လီဗာပူးလ် အသင်း ရှုံးခဲ့ရပေမယ့် ဒိုင်ဖြစ်သူရဲ့ ဂုဏ်ထူးဆောင် အရည်အချင်း ကြောင့် မမေ့နိုင်လောက်တဲ့ ပွဲတွေ ထဲမှာတော့ စာရင်း ၀င်သွား ခဲ့ပြန်ပါတယ်။

လီဗာပူးလ် ရှုံးပါစေလို့ ဆုးတောင်း ခဲ့ရဖူးတယ်

နောက်ထပ် ဖြစ်ရပ် တစ်ခုကတော့ ရာသီ ကုန်ဆုံးခါနီးမှာ ချယ်လ်ဆီး နဲ့ လီဗာပူးလ် ရင်ဆိုင်အတွေ့ ကိုယ့်အသင်းကို ဆန့်ကျင်ပြီး အားပေး ဖြစ်ခဲ့တာပါပဲ။ ကျွန်တော် အရိုးသားဆုံး ၀န်ခံပါတယ်။ အခုလို အားပေးတာကို နားမလည် လက်မခံ နိုင်တဲ့ သူတွေ ရှိကောင်း ရှိနေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် ချစ်တာ လီဗာပူးလ် မှန်ပေမယ့် ကျွန်တော် အဲ့ဒီပွဲကို ချယ်လ်ဆီး ဘက်ကပဲ အားပေးခဲ့တာပါ။ ဒီလိုပါပဲ ဂျရတ်ရဲ့ အမှားက တဆင့် ချယ်လ်ဆီး အနိုင်ရသွား တဲ့ အပေါ်မှာ ဝေဖန်မှု အမျိုးမျိုး ထွက်ခဲ့ပါတယ်။ ဂျရတ်ကတော့ ဘယ်လိုမှ တုံ့ပြန်မှု မပေးခဲ့ သလို၊ ကျွန်တော်ကလည်း ဘယ်လိုမှ မှတ်ချက်တော့ မပေးလိုပါဘူး။ တခြား ဘောလုံး အသင်းတွေကို နှစ်သက် အားပေးတဲ့ ပရိသတ်တွေလည်း တကယ်လို့များ ကျွန်တော့်လို တူညီတဲ့ အခြေအနေ မျိုးနဲ့ ကြုံတွေ့ လာခဲ့ရင် အခုလိုပဲ ခံစား အားပေး မိလိမ့်မယ်လို့ ကျွန်တော် ယုံပါတယ်။ ဘာပဲဖြစ်ဖြစ် ချယ်လ်ဆီး အသင်း နောက်ဆုံးပွဲမှာ ၈ဂိုးသွင်းပြီး ဖလား ယူနေတဲ့ အချိန်မှာတော့ ကျွန်တော်တို့ အသင်းက နှစ်များစွာ အတွင်း အဆိုးဝါးဆုံး ရပ်တည်မှုနဲ့သာ ရာသီ ကုန်ဆုံး ခဲ့ရပါတယ်။ တစ်သက်မှာ တစ်ခါပဲ ကိုယ့်အသင်းကို ဆန့်ကျင်ပြီး အားပေး ခဲ့ဖူးတာပါ။ ဒါက ပထမဆုံးနဲ့ နောက်ဆုံး အကြိမ် အဖြစ်နဲ့ပဲ ပြီးဆုံးသွား ပါစေလို့တော့ ဆန္ဒ ပြုမိပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလား

လာမယ့် ကမ္ဘာ့ဖလားမှာ ဘယ်အသင်းရဲ့ ပရိသတ် လုပ်ရမလဲ ဆိုတာ ကျွန်တော် ကိုယ်တိုင်လည်း ကွဲကွဲပြားပြား မသိပါဘူး။ ကျွန်တော် အားပေးတဲ့ အသင်းတွေက ၄သင်းလောက် ရှိပါတယ်။ အင်္ဂလန်၊ စပိန်၊ အာဂျင်တီးနားနဲ့ ဟော်လန်တို့ပါ။ အခုချိန်မှာတော့ သူတို့ တတွေကို တစ်အုပ်စုချင်းမှာ ရလဒ်ကောင်းဖို့ အားပေးမှာပါ။ ဒါပေမယ့် အချင်းချင်း ထိပ်တိုက်တွေ့ လာရင်တော့ ဘယ်အသင်းကို အဓိက အားပေး ဖြစ်မလဲ ဆိုတာကတော့ ကျွန်တော်လည်း မသိသေးပါလို့ ပြောရတော့မှာပါ။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်နဲ့ အတူ ဘောလုံး အမှတ်တရ တွေကတော့ ဆက်ပြီး ထင်ကျန် နေဦးမယ် ဆိုတာကတော့ ပြောနေဖို့တောင် လိုမယ် မထင်ပါဘူး။

၃း၃၀ နာရီ
ဇွန်လ ၄ရက် ၂၀၁၀ ခုနှစ်

 

 

Comments (2)

Subscribe to this comment's feed
...
0
နောက်နှစ် ကမ္ဘာဖလား အမီ ရေဘ၀ဲ တစ်ကောင်လောက် ခုထဲက မွေးထားရင် ပိုကောင်းမယ် ထင်တယ်နော်....
shwemyanmar , July 15, 2010 | url
...
0
တစ်ညလုံး မအိပ်ပဲ ရေးထားပုံပဲ။
ပိုပိန်တော့မှာပဲ...
ဆင်ပုပ် , June 04, 2010

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday21
mod_vvisit_counterYesterday50
mod_vvisit_counterThis week21
mod_vvisit_counterThis month240
mod_vvisit_counterAll19653

Who's Online

We have 2 guests online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...