Latest Comments

ကျေးဇူး အနန္တပါ အဖေနဲ့ အမေ

Share |

မွေးနေ့ဆိုတာ လူတစ်ယောက် အတွက်တော့ ပြောင်းလဲလို့ မရတဲ့ အရာတွေ ထဲက တစ်ခုပါပဲ။ လွန်ခဲ့တဲ့ ၂၈နှစ် တိတိက ကျွန်တော် လူဖြစ်ခဲ့ပါတယ်။ ကျွန်တော့် အဖေ၊ ကျွန်တော့် အမေတို့က မွေးဖွားသန့်စင် ကျွေးမွေးစောင့်ရှောက် သင်ကြားလမ်းပြ မေတ္တာတွေ ပေးခဲ့တာမို့လည်း အခု ၂၈နှစ် ပြည့်တဲ့အချိန်မှာ ဒီနေ့ ကျွန်တော် အဖြစ် ရပ်တည်နေနိုင် ခဲ့ပါတယ်။ ကျေးဇူး အနန္တပါ အဖေနဲ့ အမေ...



x x x

ကျွန်တော့်ကို မွေးတော့ အဖေနဲ့ အမေတို့က တနင်္သာရီတိုင်းက သရက်ချောင်း မြို့လေးမှာ တာဝန်ကျနေချိန်ပါ။ မွေးတာက ထားဝယ်ဆေးရုံမှာ ဆိုတော့ ကျွန်တော်က ထားဝယ်သားလို့ပဲ ပြောရမလား၊ သရက်ချောင်း သားလို့ ဆိုရမလား၊ ဒါပေမဲ့လို့ သရက်ချောင်းမှာကလည်း နှစ်အနည်းငယ်လေး နေခဲ့တာ ဆိုတော့ မှတ်မိတဲ့ အဖြစ်အပျက်က ၂ခု ၃ခုထက်တောင် မပိုပါဘူး။ ဒါလည်း ၀ိုးတိုးဝါးတား လောက်ပါ။ အဲ့ဒီနောက်မှာ မြိတ်ကို ပြောင်းနေတယ်။ နောက် ဘုတ်ပြင်း၊ ကော့သောင်း၊ ဒိုက်ဦး တောက်လျှောက် မိဘတွေနဲ့ လိုက်နေ ဖြစ်ခဲ့ပါတယ်။ တစ်မြို့ တစ်ခါပြောင်းတိုင်း အပေါင်းအသင်း သူငယ်ချင်းတွေကို ခွဲခွါပြီး နေရာသစ်မှာ နေသားကျအောင် ကြိုးစားရပါတယ်။ ကျောင်းအသစ် တစ်ခုကို စတက်ရတဲ့ နေ့တွေဟာ အမြဲလိုလို မှတ်မိနေတတ်တဲ့ အထိ ခက်ခဲ ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီလိုနဲ့ ဒိုက်ဦးမှာ ၁၀တန်းအောင်တော့ အဖေတို့က မြစ်ကြီးနား ဖားကန့်ကို ပြောင်းရွှေ့ဖို့ တာဝန်ကျပါတယ်။ လွန်ခဲ့တဲ့ ၁၁နှစ်ကပေါ့။ အဖေတို့ အမေတို့နဲ့ တောက်လျှောက် အတူနေခဲ့တဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေ ဖားကန့် အလှည့်မှာတော့ အရွယ်ရောက်လာက တစ်ကြောင်း၊ ခရီးဝေးလံ ခေါင်းပါးလွန်းတာက တစ်ကြောင်း ရန်ကုန်မှာပဲ နေခဲ့ရပါတယ်။ လှည်းတန်းမှာ တိုက်ခန်းလေး တစ်ခန်းဝယ်ပေးပြီး အဖေတို့က ဝေးလံခေါင်းပါး လွန်းလှတဲ့ ဖားကန့်ကို ပြောင်းရွှေ့ သွားခဲ့ပါတယ်။

ပထမဆုံး အကြိမ် သူတို့တတွေနဲ့ ခွဲခွါရတော့ တိုက်ခန်းငယ်လေး ထဲမှာ စိတ်ပျက် အားငယ်ရတဲ့စိတ်၊ သတိရ လွမ်းဆွတ်တဲ့ စိတ်တွေနဲ့ တိုက်ခန်းငယ်လေးထဲမှာ အထီးကျန်သလို ခံစားခဲ့ရဖူးပါတယ်။ နေရာသစ်၊ ဒေသသစ် တစ်ခုမှာ နေသားမကျသေးခင် ကာလစပ်ကြားမှာ မိဘတွေလည်း အဝေးမှာ ရောက်နေတာကြောင့် ခက်ခဲခဲ့ရဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ခက်ခဲတယ် ဆိုတာ ဘာမှမပြောပလောက်ဘဲ ဖားကန့်လို နေရာမျိုးမှာ မိသားစု စားဝတ်နေရေး အတွက် ကြိုးစား ရုန်းကန်ပေးခဲ့ရတဲ့ သူတို့အဖြစ်တွေက ပိုပြီးဆိုးဝါး ကြမ်းတမ်း ခဲ့ပါတယ်။ ဖားကန့်ကို ရောက်ဖို့ဆိုတာ မြစ်ကြီးနားလို နေရာကနေ တစ်နေကုန် တစ်နေခန်း ရွှံ့တွေ ဗွက်တွေကြားမှာ သွားရတာပါ။ ကံမကောင်းလို့ ရွှံထဲ ဗွက်ထဲ ကားနစ်နေခဲ့ရင် ကားဆွဲဖို့ အနီးအနားမှာ ရှိတဲ့ ဆင်တွေကိုလည်း ရှာပါတယ်။ ရှေ့ကားက ပျက်နေပြန်ရင်လည်း နောက်မှာ တစ်သီတစ်တန်းကြီး တန်းစီ စောင့်ရတာလည်း ရှိပါတယ်။ ခရီးကကြမ်း၊ လမ်းကကြမ်းနဲ့ နောက်ဆုံး ဖားကန့်ကို သူတို့ ရောက်ပြန်တော့ အသိမိတ်ဆွေ မရှိတဲ့ နေရာဒေသ သစ်တစ်ခုမှာ ရုန်းကန် ခဲ့ကြရပြန်ပါတယ်။ အခုနောက်ပိုင်း အဲ့ဒီအချိန် အဲ့ဒီအခါတုန်းက ရန်ကုန်က ဆွေးမျိုးသားချင်း တွေနဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေ ဆီကို သူတို့တတွေ ပုံမှန်ရေးခဲ့တဲ့ စာတွေကို စုပေါင်းပြီး ဖတ်မိချိန်မှာတော့ ကျွန်တော် မျက်ရည်လည်မိ ပြန်ပါတယ်။ ကျေးဇူး အနန္တပါ အဖေနဲ့ အမေ...

x x x

တစ်ခါက ကျွန်တော် ရေးခဲ့ဖူးပါတယ်။ စွဲကျန်ခဲ့တဲ့ ဖြစ်ရပ်လေး တစ်ခုအဖြစ်နဲ့ပါ။ အဲ့ဒီတုန်းက အဖေနဲ့ အမေတို့ဟာ သူတို့ သားတွေထဲက တစ်ယောက်ကို လက်လွှတ် ဆုံးရှုံးရလုနီးနီး ဖြစ်ခဲ့တဲ့ အကြောင်းလေးပါ။ ဖားကန့်မှာ မတော်တဆမှု တစ်ခုဖြစ်ခဲ့တဲ့ ကျွန်တော့် အစ်ကိုဟာ အဲ့ဒီတုန်းက သေလုနီးပါး အနေအထားနဲ့ ကြုံခဲ့ရပါတယ်။ အထဲမှာ သွေးယိုစိတ်မှု ရှိနေတဲ့ ခေါင်းကို ခွဲစိတ်ကုသမှု ခံယူဖို့က ရန်ကုန်ကို မဖြစ်မနေ သွားဖို့ အကြောင်းဖန်ခဲ့ပါတယ်။ ခက်တာက  ဝေးလံလွန်းတဲ့ နေရာမှာ ဖြစ်ခဲ့တာကြောင့် ရန်ကုန်ကို အချိန်မီ ရောက်ရှိဖို့က အဓိက ပြဿနာ ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီတုန်းက သားတစ်ယောက် အတွက် ပူဆွေးဗျာများရတဲ့ မိဘတွေရဲ့ မျက်နှာကို အခုထိတိုင် မြင်ယောင် နေမိဆဲပါပဲ။ သူတို့ချစ်တဲ့ သားတစ်ယောက် အတွက် သူတို့ တတ်စွမ်းနိုင်သမျှ အားထုတ်ခဲ့ကြတယ်။ သစ္စာဆို ဆုတောင်းမှုတွေ ပြုခဲ့ပါတယ်။ သူတို့ သစ္စာမြဲခဲ့တဲ့ အတွက်ကြောင့်လည်း အားလုံးက ကူညီကြတယ်။ ဖေးမကြတယ်။ မဖြစ်နိုင်ပါဘူး ဆိုတဲ့ ခရီးတစ်ခုကို ရအောင် ကျော်ဖြတ် နိုင်ခဲ့တယ်။ တကယ်လို့သာ အဖေနဲ့ အမေတို့ကသာ သစ္စာပြု ဆုတောင်းခြင်း မပြုခဲ့ပါလျှင်၊ သူတို့တတွေသာ သိကျွမ်းနားလည်တဲ့ ဆရာဝန်တွေ မဖြစ်ခဲ့ပါလျှင်၊ သူတို့တတွေမှာသာ အဘက်ဘက်က ၀ိုင်းဝန်း ကူညီပေးကြမယ့် မိတ်ဆွေ၊ အပေါင်းအသင်း၊ မိသားစု အသိုင်းအ၀ိုင်း မရှိခဲ့ပါလျှင်၊ ဒီနေ့ ကျွန်တော်တို့ တတွေဟာ ဟာကွက်ကြီး တစ်ခုနဲ့အတူ နေထိုင်အသက်ရှင် နေရမှာပါ။ ကျေးဇူး အနန္တပါ အဖေနဲ့ အမေ...

x x x

မနေ့ညက ရန်ကင်းမှာ ဆရာတော် အရှင် ဆေကိန္ဒ ဟောကြားတဲ့ သောတပန် တရားတော်ကို နာဖြစ်ခဲ့ပါသေးတယ်။ ဘာလို့ ဒီတရားကို နာဖြစ်ခဲ့လဲ ဆိုရင် လွန်ခဲ့တဲ့ ၁၀နှစ် ကျွန်တော့် အသက် ၁၈နှစ် ပြည့်ဖို့ တစ်ရက် အလိုတုန်းက ရှေ့တန်း တစ်နေရာမှာ အသက်ပေး သွားရရှာတဲ့ ကျွန်တော်တို့ တစ်ဆွေလုံး တစ်မျိုးလုံးက ချစ်ကြတဲ့ အစ်ကို တစ်ဝမ်းကွဲ အတွက် ရည်စူးပြီး လုပ်တဲ့ ဓမ္မအလှူမို့ပါ။ ဆရာတော်က ဟောကြားတော် မူပါတယ်။ ကိုယ့်အတွက် ကိုယ်မလုပ်ဘဲ သားသမီး မြေးမြစ်တွေနဲ့ အတူ မပြတ်နိုင် ဖြစ်နေကြတဲ့ အသက် ၆၀ကျော် လူကြီးတွေကို မကျိုးကျသေးတဲ့ သစ်ကိုင်းခြောက်တွေပါတဲ့။ တကယ်ဆိုရင် သစ်ပင်ပေါ်က ကျိုးကျပြီး ချောင်းတွေ၊ မြစ်တွေထဲက တဆင့် နိဗ္ဗာန်ဆိုတဲ့ သမုဒ္ဒရာကြီးထဲ သွားနိုင်ဖို့ ကြိုးစားသင့်ပါပြီတဲ့။

အဖေနဲ့ အမေတို့ အခုဆို အသက် ၆၀ကျော်လွန်ခဲ့ပါပြီ။ ဒါပေမဲ့ သူတို့တတွေ စီးပွားဥစ္စာ ရှာနေရဆဲပါပဲ။ ဘာလို့လဲ ဆိုရင် ကျွန်တော်တို့ သားသမီးတွေ မြေးတွေကို မပြတ်သေးလို့ပေါ့။ သူတို့အတွက် သူတို့ မစဉ်းစားနိုင်ဘဲ သူတို့ချစ်တဲ့ သားတွေ သမီးတွေ မြေးတွေအတွက် ကြိုးစား ရှာဖွေနေရတာပေါ့။ တစ်ခါတလေ သားသမီးတွေ မြေးတွေနဲ့ ပတ်သက်ပြီး စိတ်မချမ်းမြေ့စရာ ကြုံရတဲ့ အခါကျတော့လည်း သူတို့အချင်းချင်းပဲ ကြိတ်မှိတ်ခံစား ဖေးမကြပြီး ကျွန်တော်တို့ တတွေ အပေါ်မှာတော့ ချစ်မြဲချစ်၊ ထောက်ပံ့မြဲ ထောက်ပံ့ပေးနေ တာပါပဲ။ တကယ်တော့ ကျွန်တော်တို့တတွေ လူ့လောကထဲ ရောက်လာချိန်ကစ အခုချိန် အခုခါအထိ သူတို့ ပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေဟာ ကျွန်တော့် အတွက်တော့ အကြွင်းမဲ့ အေးမြနေဆဲ၊ နွေးထွေးနေဆဲပါပဲ။ ကျေးဇူး အနန္တပါ အဖေနဲ့ အမေ...

အသက် ၂၈နှစ်ပြည့် မွေးနေ့အမှတ်တရ

မိုးဝေ
၂၂-၇-၂၀၁၀ ၁၂း၃၀

 

Comments (1)

Subscribe to this comment's feed
...
0
ကျွန်တော်တို့ သိခဲ့တာ ၁၁ နှစ်ရှိပြီ
ဘာမှမကြာသလိုပဲ၊
ကျွန်တော်တို့ Senior Citizen ဖြစ်ရင်လဲ မိဘတွေလို အလုပ်တွေ ကြိုးစားခွင့်ရမလား။
ကျွန်တော်တို့ရဲ့ ပျမ်းမျှသက်တမ်းက ခွင့်ပြုမလား၊
တရားအားထုတ်ခွင့် ရပါ့မလား။
အခု ဘာတွေရပြီလဲ
နောက်နှစ် ဘာဖြစ်မလဲ။
၃၀ ၄၀ ၅၀ ပြီးတော့ ဘာဖြစ်မလဲ။
ဘာပဲဖြစ်ဖြစ် ၂၈ ဆိုတဲ့အချိန်က အရမ်းအလုပ် လုပ်လို့ကောင်းတဲ့ ပျော်စရာ အရွယ်ပါ။
ဘယ်အထိလဲ ဆိုတော ................ ...................
တရားတကယ် မရခင် အထိပေါ့၊ ဒါမှမဟုတ် ......
ဘ၀မှာ ပျော်သရွေ့ပေါ့....
pmo , July 22, 2010

Write comment

smaller | bigger

busy

အားပေး အခံရဆုံးများ

Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday12
mod_vvisit_counterYesterday50
mod_vvisit_counterThis week12
mod_vvisit_counterThis month231
mod_vvisit_counterAll19644

Who's Online

We have 2 guests online

Preferred Websites

Myanmar Football Website

Myanmar Professional Web Design & Hosting

Myanmar Liverpool FC Fans Website

ကျွန်တော်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ဆိုဒ်လေးတွေပါ...