မွေးနေ့ဆိုတာ လူတစ်ယောက် အတွက်တော့ ပြောင်းလဲလို့ မရတဲ့ အရာတွေ ထဲက တစ်ခုပါပဲ။ လွန်ခဲ့တဲ့ ၂၈နှစ် တိတိက ကျွန်တော် လူဖြစ်ခဲ့ပါတယ်။ ကျွန်တော့် အဖေ၊ ကျွန်တော့် အမေတို့က မွေးဖွားသန့်စင် ကျွေးမွေးစောင့်ရှောက် သင်ကြားလမ်းပြ မေတ္တာတွေ ပေးခဲ့တာမို့လည်း အခု ၂၈နှစ် ပြည့်တဲ့အချိန်မှာ ဒီနေ့ ကျွန်တော် အဖြစ် ရပ်တည်နေနိုင် ခဲ့ပါတယ်။ ကျေးဇူး အနန္တပါ အဖေနဲ့ အမေ...
တစ်နေ့ထက် တစ်နေ့ လေကောင်းလေသန့် တ၀ကြီး ရှုရှိုက်ခွင့်နဲ့
ဝေးဝေး လာခဲ့သလိုမျိုး ခံစားမိတယ်။
မနေ့ တစ်နေ့က အရမ်း တက်ကြွနေတဲ့
အဟုန်းပြင်းပြင်း ခရီးနှင်နေတဲ့ မြင်းတစ်ကောင် ဖြစ်ခဲ့ပေမယ့်
အခုတော့ အံ့သြမှင်သက်မိမှုပေါင်း များစွာနဲ့ အတူ
ခြေကုန်လက်ပမ်းကျ မောပန်းနွမ်းလျ သိုးပေါက်လေး ဖြစ်နေပြန်တယ်။
တမြန်နေ့က နေရောင်တွေက တောက်ပနေပေမယ့်
အခုတော့လည်း တိမ်ဖုံးမဲမှောင် လေပြင်းနဲ့ အတူ မုန်တိုင်းပါ ထန်နေခဲ့ပြန်တယ်။
မြင့်တစ်ချီ နိမ့်တစ်လှည့်
ဘ၀ရဲ့ ပြင်းထန်တဲ့ လှေကားထစ်တွေ ကြား
ကိုယ်သွားမယ့် လမ်းကို မြင်ရလိုက် ပျောက်သွားလိုက်နဲ့ ရွှေ့လျားနေရတယ်။
တစ်ခါတစ်ခါ ကံကြမ္မာက ကျီစယ်တယ်။
တစ်ခါတစ်ခါတော့ မာရ်နတ်က ကိုယ်ထင်ပြတတ်တယ်။
တစ်ခါတစ်ခါ ကျပြန်တော့လည်း ပီတိပန်းပွင့်တွေနဲ့အတူ အရာရာဟာ လှပလန်းဆန်း နေပြန်တယ်။
ခြေကုန်လက်ပမ်း ကျသွားပေမယ့် မရပ်နားခဲ့ပါဘူး။
လန်းလန်းဆန်းဆန်း ရှိနေပြန်တော့လည်း တအားကို ခရီးနှင်မိတာပါပဲ။
သိပ်မကြာခင် ရက်ပိုင်း အတွင်းမှာ ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို တောင် အာဖရိကမှာ စတင် ကျင်းပ တော့မှာပါ။ ထုံးစံ အတိုင်းပါပဲ၊ ကမ္ဘာ့ဖလား ပြိုင်ပွဲ နီးလာလေလေ ဘောလုံးချစ် ပရိသတ်တွေ ကလည်း တလှုပ်လှုပ် တရွရွ ဖြစ်လာ လေလေပါပဲ။ ဂျာနယ်တွေ ကလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲ အကြောင်းတွေကို အသားပေး ရေးနေကြ သလို ကမ္ဘာ့ဖလား လမ်းညွှန် စာအုပ်တွေ ကိုလည်း ပုံစံ အမျိုးမျိုးနဲ့ ထုတ်ဝေ နေတဲ့ သူတွေလည်း အများအပြား ပါပဲ။ ထုတ်ကုန် ပစ္စည်းတွေကလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲ ကြီးနဲ့ အတူ အရောင်းမြှင့်တင်ဖို့ ကြိုးစား နေတာမို့ နေရာတကာ ကမ္ဘာ့ဖလား ပုံရိပ်တွေက လွှမ်းမိုး လာပါတော့တယ်။ ဒီအချိန်မှာ တစ်နိုင်ငံလုံးက ဘောလုံး ပရိသတ်ကြီး အတွက် ပြည်တွင်း ရုပ်သံလိုင်းတွေက အခမဲ့ ပြသပေးမှာ ဖြစ်တာကြောင့် ဘောလုံးပွဲ ကြည့်ရှုနိုင်ဖို့ အင်တာနာ ၀ယ်သူဝယ်၊ စလောင်း တပ်သူတပ်နဲ့ တော်တော်လေးကို ဂယက် ထနေခဲ့ပါတယ်။ အခုလည်း ကြည့်လေ၊ ကျွန်တော် ကိုယ်တိုင် မြ၀တီ ရုပ်သံမိဖို့ အင်တာနာ ၀ယ်ဖို့ လုပ်နေရပြီလေ။ ကမ္ဘာ့ဖလားဟာ ကမ္ဘာ့ဖလား ပါပဲလားနော်...
မနေ့က၊ တိတိကျကျ ပြောမယ်ဆို မေလ ၁၇ရက်နေ့က ရန်ကုန်မှာ ပထမဆုံး မိုး ရွာသွန်း ခဲ့ပါတယ်။ အစောပိုင်း ရက်တွေက ကွက်ကြားမိုး တချို့ ရွာခဲ့တယ် ဆိုပေမယ့်လည်း ကိုယ်တိုင် မတွေ့မမြင် မခံစားတာကြောင့် မနေ့က ရွာတဲ့ မိုးကမှ ရန်ကုန် တစ်မြို့လုံး နီးပါး စိုစွတ် စေခဲ့တယ်လို့ ထင်မိပါတယ်။
အဲ့ဒီ မတိုင်ခင် နေ့တွေကဆို သူများတွေ ဆီမှာ ရွာတဲ့ မိုးကိုပဲ မနာလို ဖြစ်နေမိ ရတာပါ။ သူများတွေ ဆီမှာ မိုးရွာတယ် ကြားတိုင်း သိရတိုင်း ငါတို့ဆီမှာ ဘာလို့ မရွာရတာလဲလို့ စိတ်ထဲ မချိတင်ကဲ ဖြစ်ခဲ့ ရပါတယ်။ တကယ်တော့ မိုးဆိုတာ ဘာလဲ ခဏထားဦး မိုးတိမ် ဆိုတာကိုတောင် မတွေ့မမြင် ခဲ့ရပါဘူး။ ကောင်းကင် တစ်ခွင်က အမြဲတမ်း ကြည်လင် တောက်ပ နေတာပဲ တွေ့ရပါတယ်။ နေ့ဘက်ဆို နေရောင်နဲ့ အတူ ကောင်းကင်ပြာကြီးက သစ်လွင်နေပြီး မျှော်လင့်တကြီးနဲ့ ၀ရန်ဒါ ထွက်ကြည့်မိတဲ့ ညခင်းဘက်တိုင်းလည်း ကောင်းကင်ယံမှာ ကြယ်တွေက အပြည့်။
Page 1 of 5