ကွန်းခြံကုန်း မြို့ နယ်နှင့် ဒေးဒရဲကြား ဒေသမှာရှိတဲ့ ဒုက္ခသည် တချို့အတွက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သွားရောက် လှူဒါန်းဖြစ်ခဲ့ပါတယ်။ အလှူရှင်တွေ ဆီကနေ ကောက်ခံရရှိတဲ့ ငွေပမာဏ ပေါ်မူတည်ပြီး ကြက်သားဟမ်ဘာဂါ အလုံး ၁၀၀၀ နဲ့အတူ သွားတိုက်ဆေး၊ သွားတိုက်တံများ၊ ဆေးဝါးများ၊ အ၀တ်အထည်များအပြင် ကလေးငယ် များအတွက် မုန့်ပဲ သွားရည်စာများ၊ ချိုချဉ်သကြားလုံးများကို ဒုက္ခသည်များ လက်ဝယ် တိုက်ရိုက် လှူဒါန်းဖြစ်ခဲ့ပါတယ်။
ရွာနီးနားစပ်များမှ အပါအ၀င် ဒုက္ခသည်များ အားလုံးဟာ ကိုယ်နဲ့ နီးစပ်ရာ ကားလမ်းမများပေါ်သို့ နေ့စဉ်လာရောက်ကျပြီး သမုဒ္ဒရာ ၀မ်းတထွာအတွက် မရှက်မကြောက် အသနားခံနေကြတာ တွေ့မြင်ခဲ့ရပါတယ်။ တကယ့်ကို ဒုက္ခရောက်လို့ စားစရာ သောက်စရာ ပြတ်လပ်လို့ လာရောက်ကြသူတွေက အများစုပါ။ တချို့ နေရာ တွေမှာတော့ လမ်းဘေးအိမ်ခြေများမှ ရွာသူရွာသားများဟာ တစ်နေကုန် တစ်နေခန်း လမ်းမပေါ်မှာပဲ အချိန်ကုန်ခံနေကြတာ. ရသမျှ စုဆောင်းပြီး နေထိုင်နေကြတာ တွေ့မြင်ခဲ့ရပါတယ်။ အဘိုးအိုတွေ အဘွားအိုတွေတောင် လမ်းဘေး ကိုယ့်အိမ်ရှေ့ မှာကိုယ် နေပူထဲ ရပ်ကာ အလှူရှင်တွေကို စောင့်မျှော် နေကြတာလည်း တွေ့မြင်ခဲ့ရပါတယ်။ တချို့ ကျတော့လည်း နီးစပ်ရာ ဘုန်းကြီးကျောင်းများမှာ ခိုလှုံပြီး ကျောင်းထိုင်ဆရာတော်ရဲ့ စည်းကမ်းအတိုင်း လှူဒါန်းတဲ့ ပစ္စည်းများကို လက်ခံစားသုံး နေကြရတာ တွေ့ရပါတယ်။
သွားရောက် လှူဒါန်းသူတွေ အနေနဲ့ ဘယ်သူတွေဟာဖြင့် တကယ့်အစစ်အမှန် ဒုက္ခသည်တွေဆိုတာ ခွဲခြားမနေနိုင်ပါဘူး။ အားလုံးဟာ အနည်းနဲ့ အများ ဒုက္ခကို ကြုံတွေ့ နေကြရတာမို့ပါ။ ကွန်းခြံကုန်း မြို့အ၀င် ကျွန်တော်တို့ ခရီးတထောက်နားကြချိန် အနားကို အမျိုးသမီး ငါးဦးခန့်က လာရောက်ပြီး လှူမယ့်အထဲမှာ ဒန်အိုးတွေများ ပါပါသလားလို့ လာမေးကြပါတယ်။ သူတို့မှာ အိုးတွေ ခွက်တွေ မရှိတော့လို့ တလှည့်စီ ချက်ပြုတ် စားသောက်နေကြရလို့ ပါတဲ့။ အိမ်ထောင်စု ၅စုမှာမှ ဒန်အိုးက တစ်အိုးလောက် ကျန်တော့လို့ပါတဲ့။ ဒါဟာ မြို့ နဲ့ အတော်လေးကို နီးစ်ပ်တဲ့ နေရာမှာပါ။